လွိုင်ကော်မြို့ ပန်းခြံတစ်ခုထဲတွင် ပျံသန်းနေသည့် မောင်းသူမဲ့လေယာဉ်တစ်စီးအား ကလေးငယ်တစ်ဦး ကြည့်ရှုနေစဉ်။ ဓာတ်ပုံ-ဆန်းဦး
နေပြည်တော်၊ ဇန်နဝါရီ ၆
မောင်းသူမဲ့ လေယာဉ်နှင့် ရဟတ်ယာဉ်များ (Drones) သည် အကျိုးပြုလုပ်ငန်းများကို ဖြစ်စေနိုင်သလို အဖျက်လုပ်ငန်းများကိုလည်း ပေါ်ပေါက်စေနိုင်သဖြင့် အတန်းအစား ခွဲခြားသတ်မှတ်ပြီး စနစ်တကျ မှတ်ပုံတင်နိုင်ရန်နှင့် ကန့်သတ်ဧရိယာများ သတ်မှတ်နိုင်ရန် အစိုးရက ဆောင်ရွက်နေပြီဖြစ်သည်။
“မောင်းသူမဲ့လေယာဉ်၊ ရဟတ်ယာဉ်တွေရဲ့ အလေးချိန်နဲ့စွမ်းဆောင်ရည်အပေါ် အခြေခံ၍ အတန်းအစား ခွဲခြားသတ်မှတ်ပြီး စနစ်တကျ မှတ်ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်း အသုံးပြုခွင့် လက်မှတ် ထုတ်ပြန်ပေးခြင်း၊ မြေပြင်မှ ထိန်းချုပ်မောင်းနှင်သူများအား စိစစ်ခြင်း၊ အန္တရာယ်ရှိနိုင်သည့် ဒေသများအတွက် မပျံသန်းရေးဇုန် ကန့်သတ်ခြင်း စသည်များအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းတွေကို Advisory Circular အဖြစ် ထုတ်ပြန်ရန် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ရော်က ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ ပြောကြားသည်။
လက်ရှိ၌ မောင်းသူမဲ့ လေယာဉ်များကို သတင်းမီဒီယာ၊ ဓာတ်ပုံ ဗိဒီယိုရိုက်ကူးရေး၊ ရာသီဥတုနှင့် ဘေးအန္တရာယ်လေ့လာရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ တံတားနှင့် အထပ်မြင့် အဆောက်အအုံများ ကြံ့ခိုင်မှု စစ်ဆေးရေး၊ လမ်းပိတ်ဆို့မှု စောင့်ကြည့်ရေး၊ သုတေသနလုပ်ငန်း၊ ကာကွယ်ရေးလုပ်ငန်းစသည့် လုပ်ငန်းများတွင် အသုံးပြုနေသည်ဟု ၎င်းက ပြောသည်။
သို့သော် အကြမ်းဖက်လုပ်ရပ်များတွင်လည်း အသုံးပြုလာနိုင်သဖြင့် လိုအပ်သော လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုစသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ၎င်းကပြောသည်။
လေတပ်စခန်းဌာနချုပ်နှင့် လေတပ်စခန်းများ၏ ပျံသန်းရေး နယ်မြေများအတွင်း မောင်းသူမဲ့ လေယာဉ်များ ဝင်ရောက်ပျံသန်းမည်ဆိုပါက ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၏ ခွင့်ပြုချက် ရရှိပြီးနောက် သက်ဆိုင်ရာ လေတပ်စခန်း ဌာနချုပ်များနှင့် ညှိနှိုင်းဆွေးနွေးပြီးမှသာ ပျံသန်းနိုင်ကြောင်း၊ ကန့်သတ်ဧရိယာများလည်း စီမံဆောင်ရွက်မည်ဟု ဦးဇင်ရော်က ပြောသည်။
ပြည်တွင်းတွင် မောင်းသူမဲ့ လေယာဉ်များကို ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးရေးများကဲ့သို့ စီးပွားရေး လုပ်ငန်းများအတွက်သာမက အပျော်တမ်း အသုံးပြုသူများလည်း ရှိနေသည်။ လေယာဉ်များကိုလည်း ပြည်တွင်းတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်နေပြီဖြစ်သည်။
မကြာသေးမီက ရွှေတိဂုံစေတီတော်အား မောင်းသူမဲ့ လေယာဉ်ဖြင့် ဝေဟင်မှ ဓာတ်ပုံရိုက်ကူးသူတစ်ဦးအား ဂေါပကအဖွဲ့က တားဆီးခဲ့ပြီး လေယာဉ်ကို သိမ်းယူခဲ့မှု ဖြစ်ပွားခဲ့သည်။ သို့သော် နိုင်ငံခြားသားများ မောင်းသူမဲ့လေယာဉ်များဖြင့် လာရောက်ရိုက်ကူးသွားခဲ့သည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို အင်တာနက်ပေါ်တွင် အများအပြားမြင်တွေ့နေရသဖြင့် ပြည်တွင်းမှ မောင်းသူမဲ့လေယာဉ်များအား ကန့်သတ်ရန် ကြိုးပမ်းမှုများကို ဝေဖန်မှုများလည်း ရှိနေသည်။
ပြည်ပနိုင်ငံအချို့တွင်လည်း မောင်းသူမဲ့ ယာဉ်ပျံများအား အသုံးပြုကာ ရာဇဝတ်မှု ကျူးလွန်မှုများ ရှိလာသဖြင့် ကန့်သတ် တားမြစ်ရန် စတင်ကြိုးပမ်းလာကြသည်ကိုလည်း တွေ့နေရသည်။ အချို့သော နိုင်ငံများတွင် လူစည်ကားသည့် နေရာများတွင် မောင်းသူမဲ့ယာဉ်ပျံများ ပျံသန်းမှုကို ပိတ်ပင်ထားသလို ဖမ်းဆီးမှုများလည်း ရှိနေသည်။
“Drones တွေဟာ ပြည်တွင်းမှာ ခရီးသည်လေယာဉ်တစ်စင်းရဲ့ ဘယ်တောင်ပံကို တိုက်မိတာမျိုး ရှိခဲ့ပါတယ်၊ အမေရိကန်မှာဆိုရင်လည်း ကလေးငယ်တစ်ဦးက drone မှာ ပြောင်းတို သေနတ် တပ်ထားပြီး လေထဲမှာ လျှောက်ပစ်တာမျိုး ဖြစ်ခဲ့ပါတယ်၊ ဒီလိုမျိုးတွေ မဖြစ်စေဖို့ မေးရတာပါ၊ drone ကို မသုံးဖို့၊ တားမြစ်ဖို့ မေးရတာ မဟုတ်ပါဘူး” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးညွန့်တင်က လွှတ်တော်တွင် ပြောကြားသည်။
သတင်း-စိုးသန်းလင်း