မောင်တောအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး တရားခံ ၄၈၅ ဦးကို အမှု ၄၉ မှုဖြင့် အရေးယူထား

မောင်တောအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး တရားခံ ၄၈၅ ဦးကို အမှုပေါင်း ၄၉ မှုဖြင့် အရေးယူထားသည်ဟု ဇန်နဝါရီ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

“တရားခံ ၄၈၅ ဦးကို အမှုပေါင်း ၄၉ မှု ဖြင့် အရေးယူထားသည့်အနက် အမှုပေါင်း ၂၈ မှု ကို တရားစွဲဆို တင်ပို့နိုင်ခဲ့ပါသည်။ တရားစွဲဆို တင်ပို့ခဲ့သောအမှုများအနက် အမှု သုံးမှု ပြီးပြတ်ခဲ့ပါသည်” ဟု ဖော်ပြထားသည်။

သို့သော် အဆိုပါပြီးပြတ်ခဲ့သည့် အမှုသုံးမှုတွင် ပါဝင်ပတ်သက်နေသည့် တရားခံအရေအတွက်ကိုမူ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။

ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်နှင့်ပတ်သက်သော ပြစ်မှုများတွင် ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှားပေါ် ပေါက်ခြင်းမရှိသည့် ဖမ်းဆီးထိန်းသိမ်းထားသူ ၁၀ ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၉ အရ ပြန်လွှတ်ခဲ့သည်ဟုလည်း ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်သည့် အဆိုပါ ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၅၂ လက်အပါအဝင် ခဲယမ်းများ ဆုံးရှုံးခဲ့ရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ် နောက်ရက်များတွင် တိုက်ခိုက်မှုအချို့ ဆက်လက်ဖြစ်ပွားခဲ့ရာ တပ်မတော်မှ ယာယီတပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်သည်အချို့ သေဆုံးခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်များအသုံးပြုကာ ပြန်လည် တိုက်ခိုက်ခဲ့ရသည်။

အဆိုပါ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သော မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ် မူလ် မူဂျာဟီဒင်န်)အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်သည်ဟု ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအဖွဲ့ကို မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်တစ်ဦး ဖြစ်သည့် ဟာဗစ်တူဟာရ် ခေါ် အာပူဟာမတ် ဇူးလူနီက ဦးဆောင်နေသည်ဟုလည်း ဖော်ပြထားသည်။

“အသက် ၄၅ နှစ်ခန့်ရှိသည့် ဟာဗစ်တူဟာရ်သည် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်များထံတွင် ခြောက်လသင်တန်း တက်ရောက်ခဲ့သူဖြစ်ကြောင်း၊ ဟာဗစ်တူဟာရ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ် အနီးရှိ ကျေးရွာ တစ်ရွာတွင်လည်း သွားရောက်နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံ၍ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အဖွဲ့အစည်း များထံမှ ငွေကြေးထောက်ပံ့မှုများ ရယူလျက် ရှိကြောင်း၊ ၎င်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနေ ငါးခူရကျေးရွာတွင် ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံသား ခါလစ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည်စခန်းတွင် နေထိုင်သော အီဗရာဟိန်း၊ အဇာ၊ အာရပ် တူလာ၊ နီလာဒုက္ခသည် စခန်းတွင် နေထိုင်သော ဇူဘိုင်၊ အစ္စလာမ် ဆိုသူအပါအဝင် ၁၂ ဦးတို့ဖြစ်ကြောင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ငါးလခန့်မှစ၍ ဟာဗစ်တူဟာရ်၏ အစီအစဉ်ဖြင့် မောင်တောဒေသသို့ ၎င်းတို့ဝင်ရောက်လာပြီး ဟာဗစ်တူဟာရ် စည်းရုံးထားသော ဒေသနေ အစွန်းရောက်လူငယ်များကို အကြမ်းဖက် သင်တန်းများ ပေးခဲ့သည်ဟု ဖမ်းဆီးရမိသည့် မာမက်နူရာ၊ မာမက်ဆန် နှင့် ဖော်ဆော်လာမောက်တို့၏ ထွက်ဆိုချက်များအရ သိရှိရသည်ဟုလည်း ဖော်ပြထားသည်။

ဟာဗစ်တူဟာရ်သည် မောင်တောဒေသတွင် စစ်ပွဲများ ဆက်လက်ဆင်နွဲရေးအတွက် ၎င်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဝါဒဖြန့် ဗွီဒီယိုဖိုင်ကို လူမှုကွန်ယက်များမှတစ်ဆင့် ဆက်တိုက် ၁၀ ကြိမ် ထုတ်လွှင့်ခဲ့သည်ဟု ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မွတ်ဆလင်များအပေါ် အတင်းအဓမ္မ ပြုကျင့်မှုများ၊ နှိပ်စက်သတ်ဖြတ်မှုများနှင့် နေအိမ်များကို မီးရှို့ခြင်းများ ဆောင်ရွက်နေသည်ဟု ပြည်ပအဖွဲ့အစည်းများနှင့် မီဒီယာများက စွပ်စွဲထားမှုနှင့်ပတ်သက်ပြီး ကော်မရှင်က ကွင်းဆင်းစုံစမ်း မေးမြန်းခဲ့ရာတွင် အရေးယူမှုများ ဆက်လက် ဆောင်ရွက်နိုင်လောက်သည့် သက်သေအထောက်အထားများ မတွေ့ရှိရဟု ဖော်ပြထားသည်။

“စွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်၍ ကော်မရှင်က အလေးအနက်ထား၍ တရား မျှတစွာ စုံစမ်းစစ်ဆေးရာ၌ လူမျိုးတုံးအောင် သတ်ဖြတ်မှုများ မတွေ့ရှိရသကဲ့သို့ ဘာသာရေးအရ ဖိနှိပ်ချုပ်ခြယ်မှုများ မရှိသည်ကို မောင်တောဒေသရှိ ဘင်္ဂါလီ လူဦးရေ၊ ဗလီ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် မော်လဝီ ဦးရေ တိုးပွားများပြားနေခြင်းတို့က သက်သေပြလျက်ရှိပါသည်” ဟု ဖော်ပြထားသည်။

သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်ပသတင်းဌာနများနှင့် လူမှုကွန်ရက်များပေါ်တွင် ပေါ်ထွက်လာသည့် ဗီဒီယိုတစ်ခုထဲတွင်မူ ရဲတပ်ဖွဲ့ဝင်များက ရွာသားများအား ရိုက်နှက်နေသည်ကို တွေ့ရှိခဲ့ရသည်။

ရဲတပ်သားတစ်ဦးက ကိုယ်တိုင်ရိုက်ကူးထားသည့် အဆိုပါဗီဒီယိုထဲတွင် ရဲတပ်ဖွဲ့ဝင်အချို့က ရွာသားများအား တုတ်ဖြင့် ရိုက်နှက်ခြင်း၊ တန်းစီကာ ထိုင်ခိုင်းထားခြင်းနှင့် ကန်ကျောက်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။

အဆိုပါ ဗီဒီယိုနှင့် ပတ်သက်ပြီး သတင်းဌာနများက ကိုးကားဖော်ပြမှုများ၊ ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် အစိုးရလည်း စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်ရပ်မှာ နိုဝင်ဘာ ၅ ရက်နေ့က ကိုးတန်ကောက်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဗီဒီယို ရိုက်ကူးခဲ့သူ ရဲတပ်သားနှင့် ရိုက်နှက်ကန်ကျောက်သူ ရဲတပ်ဖွဲ့ဝင်များကို အရေးယူသွားမည်ဟုလည်း အစိုးရက ကြေညာခဲ့သည်။

ကော်မရှင်ကလည်း ဥပဒေမဲ့ဖမ်းဆီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ကိုလည်း ဖော်ထုတ် အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် မောင်တောဒေသရှိ ကျေးလက်များတွင် အကြမ်းဖက်သမားများ ဝင်ထွက် သွားလာလျက်ရှိသဖြင့် ရပ်ရွာဒေသ တည်ငြိမ်အေးချမ်းရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသေးသည်ဟု ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar