မောင်တောရှိ တိုင်းရင်းသားများ လုံခြုံစွာနေထိုင်နိုင်ရေး အရေးကြီးအဆို လွှတ်တော်သို့ တင်ခွင့်မရ

နေပြည်တော်၊ နိုဝင်ဘာ ၂၁

လက်နက်ကိုင် အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ မောင်တောခရိုင်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားများရဲ့ဘဝ လုံခြုံစွာ ရပ်တည်နိုင်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးအဆို တစ်ရပ်တင်သွင်း ဆွေးနွေးဖို့ ရခိုင်အမတ်တစ်ဦးရဲ့ ကြိုးပမ်းမှုတစ်ခုကို အမျိုးသားလွှတ်တော်က ဒီနေ့ ပယ်ချခံလိုက်ရပါတယ်။

အဆိုတင်သွင်းဖို့ လျှောက်ထားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈) ကိုယ်စားပြုအမတ် ဦးကျော်ကျော်ဝင်းကတော့ အဆိုကို မေးခွန်းအဖြစ်သာ ပြောင်းလဲဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားခဲ့တယ်လို့ Frontier ကို ပြောပါတယ်။

အဆိုပါ အကြောင်းအရာကတော့ “မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး အသက်အန္တရာယ် ကင်းဝေးပြီး စားဝတ်နေရေး အဆင်ပြေစွာ ဘဝလုံလုံခြုံခြုံ ရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ၊ ကျူးကျော်သူများ နောက်ထပ်မကျူးကျော်နိုင်ရေး စီမံဆောင်ရွက်ပေးပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။

“မဲဆန္ဒနယ်ရှိ တိုင်းရင်းသား မျိုးနွယ်စုအားလုံးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများအပေါ် လုံခြုံရေး၊ ဘဝရပ်တည်နိုင်ရေးအတွက် မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းအလုပ်ကို လုပ်ကိုင်သွားမယ်”လို့ ဦးကျော်ကျော်ဝင်းက Frontier ကို ပြောပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆောင်ရွက်တာဖြစ်ပြီး ဆွေးနွေးခွင့်ရဖို့အတွက် အမျိုးသားလွှတ်တော်အပြင် ပြည်သူ့လွှတ်တော်မှာလည်း ဆက်လက်ကြိုးပမ်းဖို့ရှိတယ်လို့ အဲဒီပါတီဝင် အမတ်တစ်ချို့က ဆိုကြပါတယ်။

ပြည်သူ့လွှတ်တော် မြေပုံမြို့နယ်အမတ် ဦးဖေသန်းက “ပြည်သူ့လွှတ်တော်မှာ တင်ဖို့ စီစဉ်နေတယ်။ ခေါင်းစဉ်တစ်ခုခုပြောင်းပြီး တင်ရမှာပေ့ါ” လို့ပြောပါတယ်။ ဒါ့အပြင် ဒီနေ့ကြုံတွေ့ခဲ့ရတဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ဟာ မဖြစ်သင့်ဘူးလို့ ယုံကြည်ကြောင်းလည်း သူက ဆက်လက်ပြောကြားတယ်။

“လွှတ်တော်ဥက္ကဋ္ဌက အစိုးရက လုပ်နေပါပြီလို့ပြောတာ မသင့်တော်ဘူး ထင်တယ်။ လွှတ်တော်ဥက္ကဋ္ဌဆိုတာ ပြည်သူ့ဖက်က ရပ်တည်ရမယ်။ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်ကို အလေးထားရမယ်။ အစိုးရက လုပ်တာကို လွှတ်တော်ဥက္ကဋ္ဌက အာမခံတာ မဖြစ်သင့်ဘူး။ သူ့တာဝန်မဟုတ်ဘူး” လို့ ဦးဖေသန်းက ဆိုပါတယ်။

အမျိုးသားလွှတ်တော်မှာ တင်သွင်းဖို့ကြိုးပမ်းတဲ့အဆိုဟာ မေးခွန်းအဖြစ်သာ ရရှိတော့မှာဖြစ်တဲ့အတွက် အခြားသော ကိုယ်စားလှယ်တွေ ဆွေးနွေးခွင့်ရတော့မှာမဟုတ်ဘဲ အစိုးရဝန်ကြီးဌာနတစ်ခုတည်းရဲ့ ဖြေကြားချက်နဲ့ သဘောထားကိုသာ ရရှိနိုင်တော့မှာမို့ စိတ်ပျက်မိတယ်လို့ ဦးဖေသန်းက ပြောပါတယ်။

“အဲဒီဒေသမှာ တိုင်းရင်းသားတွေ နေနိုင်အောင် ရေရှည်အစီအမံတွေလုပ်ပေးရမယ်။ စွဲဆောင်မှုတွေ ရှိရမယ်။ မဟုတ်ရင် ဒီပြဿနာပြီးမှာ မဟုတ်ဘူး။ အချုပ်အခြာအာဏာ ဆုံးရှုံးတာနဲ့ ရင်ဆိုင်ရမယ်”လို့ သူက ပြောပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ အဲဒီဒေသမှာ လူဦးရေ ရှစ်သိန်းကျော် နေထိုင်ပြီး ကျေးရွာပေါင်း ၉၀၅ ရွာတယ်လို့ သိရပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ စာရင်းများအရ လူဦးရေ စုစုပေါင်းအနက် ရခိုင်တိုင်းရင်းသား ဦးရေက တစ်သိန်းကျော်သာ ရှိတယ်လို့ သိရတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ လွှတ်တော်တွေ ပေါ်လာပြီးနောက်ပိုင်းမှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး ပြည်သူနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားပြု ရခိုင်အမျိုးသား ပါတီဝင်အမတ်တွေရဲ့ ကြိုးပမ်းချက်တွေ ပယ်ချခံရမှုဟာ ဒါနဲ့ဆို လေးကြိမ်ရှိသွားပြီဖြစ်ပါတယ်။

ပထမနှစ်ကြိမ်ကတော့ ရခိုင့်တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပါဝင်မှုနဲ့ ပတ်သက်တာ ဖြစ်ပါတယ်။ ယခုနှစ်ဆန်းပိုင်းအတွင်း အမျိုးသား လွှတ်တော်မှာရော၊ ပြည်သူ့လွှတ်တော်မှာရော အဲဒီကိစ္စဆွေးနွေးဖို့ ရခိုင်အမတ်တွေရဲ့ ကြိုပမ်းမှုတွေဟာ အဆိုအတည်ပြုဖို့ ရှုံးနိမ့်တာတွေ၊ တင်သွင်းခွင့်မရတာတွေ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

နောက်ပြီး ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ကို အစိုးရက ဖွဲ့စဉ်တုန်းကလည်း ပြည်တွင်းပညာရှင်တွေနဲ့သာ ဖွဲ့စည်းဖို့ သြဂုတ်လနောက်ဆုံးပတ်မှာလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရခိုင်အမတ်တွေ ကြိုးစားခဲ့ဖူးပေမယ့် အဲဒီတုန်းကလည်း အဆိုရှုံးနိမ့်ခဲ့ပါတယ်။

ပထမနှစ်ကြိမ်ကတော့ ရခိုင့်တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါဝင်မှုနဲ့ ပတ်သက်တာ ဖြစ်ပါတယ်။ ယခုနှစ်ဆန်းပိုင်းအတွင်း အမျိုးသား လွှတ်တော်မှာရော၊ ပြည်သူ့လွှတ်တော်မှာရော အဲဒီကိစ္စဆွေးနွေးဖို့ ရခိုင်အမတ်တွေကြိုပမ်းမှုတွေဟာ အဆိုအတည်ပြုဖို့ ရှုံးနိမ့်တာတွေ၊ တင်သွင်းခွင့်မရတာတွေ ကြုံခဲ့ရတာပါ။

အမျိုးသားလွှတ်တော်ရုံးဖက်ကတော့ ဒီကနေ့ဖြစ်ပွားခဲ့တဲ့ အဆိုပယ်ချမှုနဲ့ ပတ်သက်ပြီး သီးခြားမှတ်ချက်ပေးဖို့ မရှိဘူးလို့ Frontier ကိုပြောပါတယ်။

“အရေးကြီးအဆိုက ဥက္ကဋ္ဌဆီ တိုက်ရိုက်တင်တာပါ။ လွှတ်တော်ရုံးက တစ်ဆင့်သွားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ပြောဖို့မရှိပါဘူး”လို့ အမျိုးသားလွှတ်တော်မှ အမည်မဖော်လိုတဲ့ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်အချို့ကလည်း ဒီကိစ္စကို သေသေချာချာ မသိသေးတာကြောင့် တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းဆိုကြပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က မောင်တောနဲ့ ဘူးသီးတောင်မှာရှိတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွေကို လက်နက်ကိုင်တိုက်ခိုက်သူတွေက အလစ်ဝင်ရောက် တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်သွားတဲ့ ဖြစ်စဉ်နောက်ပိုင်း ဒေသတွင်းမျာ အကြမ်းဖက်မှုတွေ ပြန်လည်ဖြစ်ပေါ်လာနေပါတယ်။ ဒေသတွင်းမှာ တပ်မတော်က နယ်မြေလုံခြုံရေးအတွက် စစ်ဆင်ရေးတွေ ဆောင်ရွက်နေပြီး တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ မသင်္ကာတဲ့လူတွေကို လိုက်ခံဖမ်းဆီးနေပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် လူပေါင်း ၇၀ ခန့်သေဆုံးခဲ့ပြီး လူပေါင်း ၄၀၀ ခန့်ကို အစိုးရက ဖမ်းဆီးစစ်ဆေးနေပါတယ်။

ဒါပေမယ့် ကျေးရွာတွေနဲ့ နေအိမ်တွေကို မီးရှို့မှုတွေ ဖြစ်ပေါ်နေဆဲဖြစ်သလို အစိုးရက မူဆလင်ဘာသာဝင် အရပ်သားတွေအပေါ် မတရားလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရပါတယ်။ တပ်မတော်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

၂၀၁၂ ခုနှစ်က ပြည်နယ်တွင်းနေ လူ့အသိုက်အဝန်းနှစ်ခုကြား ပဋ္ဋိပက္ခတွေကြောင့် လူပေါင်း ရာချီသေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ယခုထပ်မံဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် လူ့အသိုက်အဝန်းနှစ်ခုကြား မယုံကြည်မှုတွေ ပြန်လည်ပေါ်ပေါက်လာနေပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar