မောင်တောမှ ပျောက်ဆုံး ရဲတပ်သားတစ်ဦးအား အသက်ရှင်လျက် ပြန်လည်တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသုံးခုအား အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်တွင် ပျောက်ဆုံးနေသည့် ရဲတပ်သားတစ်ဦးအား အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဌာနချုပ်ဖြစ်သည့် ကျီးကန်းပြင်၊ ငခူရစခန်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့် စခန်းများအား အမည်မသိ လက်နက်ကိုင် ၉၀ ကျော်က နံနက် ၃ နာရီခန့်တွင် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့အရာရှိ တစ်ဦးအပါအဝင် စုစုပေါင်း ကိုးဦး ကျဆုံးခဲ့ရပြီး လေးဦး ဒဏ်ရာရကာ တစ်ဦးပျောက်ဆုံးနေသည်ဟု အစိုးရက အောက်တိုဘာ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် အောက်တိုဘာ ၁၀ ရက်နေ့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေရှင်းလင်းစဉ် နံနက် ၉ နာရီခွဲခန့်၌ ငါးခူရ နယ်မြေရဲစခန်းနှင့် လိုင်းခန်းများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရစဉ် လုံခြုံရေးတာဝန် ထမ်းဆောင်ရာမှ ပျောက်ဆုံးခဲ့သော ရဲတပ်သား ကိုထိုက်အား ငါးခူရ ရဲစခန်း အနောက်ဘက်နှစ်မိုင်ခန့်ရှိ ဓနိတောအတွင်းမှ ဒဏ်ရာရရှိမှု မရှိဘဲ ပြန်လည် တွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၎င်းစခန်း၏ ဗဟိုကင်းတစ်ဝိုက်ရှိ ခြုံများအတွင်း ရှာဖွေရှင်းလင်းစဉ် ညနေ ၃ နာရီခန့်တွင် ဗဟိုကင်းမှ ပျောက်ဆုံးခဲ့သော M 22 သေနတ်တစ်လက်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်တွင် လက်နက်မျိုးစုံ ၅၁ လက်၊ ခဲယမ်း ၁၀,၁၄၀ တောင့်နှင့် စကားပြောစက် နှစ်လုံးတို့ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဆုံးရှုံးခဲ့သည်။

ယခုအခါ မောင်တောရှိ ကျေးရွာများတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်နေပြီဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်နေသည်ဟုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

တိုက်ခိုက်မှုများမှာ မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော် မပြောသေးဘဲ တရားဥပဒေနည်းလမ်းများအရ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု အစိုးရက ပြောကြားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar