မောင်တောမြို့တွင်းနှင့်အနီးမှ သေနတ်သံများ ကြားနေရသည့်အတွက် ဒေသခံများ စိုးရိမ်နေ

အောက်တိုဘာ ၂၃

မောင်တောမြို့တွင်းနှင့် အနီးဆုံးရွာဖြစ်သည့် ရွှေဇားရွာမှ သေနတ်သံများ ဆက်တိုက် ကြားနေရသည့်အတွက် မြို့တွင်းနေပြည်သူများ စိုးရိမ်လျက်ရှိသည်ဟု မောင်တောဒေသခံများက Frontier ကို ပြောသည်။

ယခုည ၈ နာရီခွဲဝန်းကျင်က သေနတ်သံ ခြောက်ချက်ခန့် ကြားနေရပြီးနောက် ငြိမ်သက်သွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ယခင်က တပ်မတော်စစ်ကြောင်းများက မောင်တောမြို့နှင့် ဝေးကွာသည့်နေရာများတွင်သာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ မောင်တောမြို့တွင်းနှင့် နိးစပ်သည့် နေရာများတွင်ပါ သေနတ်သံများ ကြားလာရခြင်းဖြစ်သည်။

“တဒိုင်းဒိုင်းနဲ့ ဆက်တိုက်ကြားရတယ်။ ခုတော့ ပြန်ငြိမ်သွားပြီ” ဟု ရွှေဇာရွာအနီးတွင် နေထိုင်သည့် မောင်တောမြို့ခံ သတင်းထောက်တစ်ဦးဖြစ်သူ ကိုမောင်ကံက Frontier ကို ပြောသည်။

၎င်း၏ပြောဆိုချက်အရ သေနတ်သံများကို လွန်ခဲ့သည့် နှစ်ရက်ခန့်ကလည်း ကြားခဲ့သည်ဟု ဆိုသည်။

ရွှေဇားရွာသည် ဘင်္ဂလီအများစု နေထိုင်သည့်ရွာဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များ အာရုံစိုက်နေရသည့် ရွာတရွာဖြစ်သည်။

မောင်တောမြို့ထဲမှ တံတားတစင်းကို ဖြတ်လျင် ရွှေဇားရွာသို့ ရောက်နိုင်ပြီး ရွာအဝင်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ယခင်ကတည်းက လုံခြုံရေးယူထားရသည့်ရွာ ဖြစ်သည်။

သေနတ်သံများ ဆက်တိုက်ကြားနေသည်ဆိုသည့်သတင်းကို မောင်တောမြို့ခံတစ်ဦးထံ Frontier က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ထိုသို့ကြားနေရသည့်သတင်းမှာ မှန်ကန်ကြောင်းကို “အတည်ပြုပါတယ်” ဟု အမည်မဖော်လိုသူ အဆိုပါ ဒေသခံက ဖြေကြားသည်။

ယခုလ ၉ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အခြေစိုက်စခန်းများအား အကြမ်းဖက်သူများက ဝင်ရောက်စီးနင်းကာ ရဲတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ပြီး လက်နက်များ ယူဆောင်သွားခဲသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် မောင်တောဒေသတွင် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများကို ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် ဆက်နွယ်နေပြီး မောင်တောဒေသတွင်တွင် လှုပ်ရှားသည့် Aqa Mul Mujahidin အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကို စုံစမ်းဖော်ထုတ် ရမိခဲ့သည်ဟု မြန်မာအစိုးရက အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar