မောင်တောဒေသ၌ နယ်မြေရှင်းလင်းမှုကို စစ်ပွဲဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ဟု တပ်မတော်က ပြောကြား

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မောင်တောဒေသတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ၌ စစ်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အင်အားအချိုး မညီစွာ သုံးစွဲခဲ့ခြင်း (Use of excessive force) မရှိဟု တပ်မတော်က ပြောကြားသည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး တပ်မတော်က ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ရာ၌ ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က အောက်တိုဘာ ၁၃ မှ နိုဝင်ဘာ ၇ ရက်နေ့အထိ မောင်တော၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ သွားရောက် စစ်ပြီးပြီး သက်သေထွက်ဆိုချက်များကို ရယူခဲ့သည်ဟုဆိုသည်။

“စစ်ဆေးတွေ့ရှိချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အထက်ဌာနမှ ထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များအပြင် အထူးသဖြင့် မိမိကိုယ်ကို ကာကွယ် ခုခံပိုင်ခွင့်၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက် တိုက်ဖျက်ရေးတာဝန် ထမ်းဆောင်ရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေသ(Rule Of Engagement-ROE)ပါ အချက်များကိုလည်း ခေါင်းဆောင်ပိုင်းမှစ၍ လက်အောက်တပ်သားအဆင့်ထိ အလေးထား သိရှိလိုက်နာ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ARSA အကြမ်းဖက်သမားများကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် အပြစ်မဲ့ ရွာသူ၊ ရွာသားများကို ဥပဒေမဲ့ပစ်ခတ်ခြင်းမရှိဟုလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က ဆောင်ရွက်ခဲ့သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ မူဆလင်များအပေါ် အနိုင်အထက် ပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းများ ကျူးလွန်ခဲ့သည်ဟု ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသူများက ပြောကြားခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် အင်အားကို အလွန်အကျွံသုံးဆွဲမှုများ ရှိသည်ဟုလည်း နိုင်ငံတကာက ပြစ်တင်ဝေဖန်ထားသည့်အတွက် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တပ်မတော်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က “တွေ့ဆုံမေးမြန်းခဲ့သည့် ဘင်္ဂါလီကျေးရွာ ၅၄ ရွာမှ ရွာသူရွာသား ၂,၈၁၇ ဦးနှင့် သက်သေထွက်ဆိုချက်ရယူခဲ့သည့် ဘင်္ဂါလီကျေးရွာ ၁၀၅ ရွာမှ ရွာသူရွာသား ၃၆၂ ဦးတို့၏ ထွက်ချက်ဆိုချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ရွာသူရွာသားများအား ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် မုဒိမ်းမှုတို့ကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း၊ ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခြင်း၊ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းများ မရှိကြောင်း” တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

သြဂုတ် ၂၅ ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ရဲကင်းစခန်း ၃၀ ခုနှင့် တပ်ရင်းဌာနချုပ် ၁ ခုတို့အား ARSA အဖွဲ့က တပြိုင်နက် အင်အားသုံးတိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ နယ်မြေရှင်းလင်းရေး စတင်ဆောင်ရွက်ချိန်က စတင်ကာ ဒေသတွင်းရှိ မူဆလင်အများအပြားမှာ အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြသည်။ ကုလသမဂ္ဂက ထုတ်ပြန်သည့် အချက်အလက်များအရ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် မြန်မာနိုင်ငံမှ ဒုက္ခသည် ခြောက်သိန်းခန့် ရောက်ရှိခိုလှုံနေကြသည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုက္ခသည်များဆိုင်ရာ တာဝန်ရှိသူ Simon Henshaw က ဒုက္ခသည်စခန်းများရှိ မြင်ကွင်းများမှာ “တုန်လှုပ်ဖွယ်”ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၎င်းသည် မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သလို ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများသို့လည်း သွားရောက်ခဲ့သူဖြစ်သည်။

“ဒုက္ခသည်ကပ်ဘေးရဲ့ ပမာဏက အလွန်ကြီးမားပါတယ်” ဟု ၎င်းကပြောကြားခဲ့ကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။ “အခြေအနေက ကြမ်းတမ်းပါတယ်။ လူတွေလည်း ဆင်းရဲဒုက္ခရောက်နေကြတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“ဒုက္ခသည်အများအပြားက မျက်ရည်လည်ရွဲနဲ့ ပြောကြတာတော့ သူတို့အိမ်တွေ မီးရှို့ခံရတာကို တွေ့ခဲ့ရတယ်ဆိုတာနဲ့ သူတို့ ဆွေမျိုးတွေဟာ သူတို့ရှေ့မှာပဲ သတ်ဖြတ်ခံခဲ့ရကြရတယ်ဆိုတာပါပဲ” ဟု ၎င်းကပြောကြားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင်မူ ထွက်ပြေးသွားကြသူများမှာ “၎င်းတို့၏ သဘောဆန္ဒအတိုင်း တစ်သုတ်ပြီးတစ်သုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်” ဟု ဖော်ပြထားသည်။

ထို့ပြင် တစ်ဘက်နိုင်ငံ ဒုက္ခသည်စခန်းတွင် နေထိုင်စဉ် နိုင်ငံတကာမှ သံတမန်များ၊ သတင်းမီဒီယာအဖွဲ့များလာရောက်ပါက ARSA အဖွဲ့က ကြိုတင်ကြံစည် သင်ကြား ထားသည့်အတိုင်း မြန်မာ့တပ်မတော်မှ လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide)နှင့် လူမျိုးတုံး သန့်စင်ခြင်း (Enthnic Cleansing)များ ပြုလုပ်နေသယောင် စွပ်စွဲ ပြောဆိုနိုင်ရန် လုပ်ကြံဖန်တီးခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆက်လက်ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar