မောင်တောတွင် ဘင်္ဂလီဘာသာစကားဖြင့် အက်ဖ်အမ်ရေဒီယို စတင်ထုတ်လွှင့်

မောင်တော၊ ဖေဖော်ဝါရီ ၂

မေယု FM ဟု အမည်ရသည့် ဘင်္ဂလီဘာသာစကားဖြင့် ထုတ်လွှင့်သည့် ရေဒီယိုအစီအစဉ်တခုကို မောင်တောခရိုင်တွင် ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ ထုတ်လွှင့်နေပြီဖြစ်သည်။

အဆိုပါ FM အစီအစဉ်ကို ၉၀ ဒသမ ၁ မဂ္ဂါဟက်ဇ် ဖြင့် မောင်တောခရိုင်အတွင်းသာ နားဆင်နိုင်ပြီး တနေ့လျှင် နှစ်ကြိမ်ထုတ်လွင့်ကာ၊ တကြိမ်လျှင် ၄ နာရီကြာမြင့်သည်။

အစီအစဉ်များကို ရခိုင်၊ ဗမာ၊ ဘင်္ဂလီ ဘာသာစကားသုံးမျိုးဖြင့် သတင်းပိုင်းကို အဓိကထားပြီး ထုတ်လွှင့်နေခြင်းဖြစ်သည်။

“အရင်ကတည်းက အစိုးရက အကြောင်းကြားထားပြီးသားပါ။ ဒီအစီအစဉ်လွှင့်မယ်ပေါ့” ဟု ရခိုင်ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစန်းနွယ်က Frontier ကိုပြောသည်။

ယခုရေဒီယိုအစီအစဉ်ကို နေပြည်တော်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ရုံးချုပ်က ထုတ်လွှင့်ခြင်းဖြစ်ပြီး ဘင်္ဂလီဘာသာစကားပြောနိုင်သူများကို ခန့်အပ်ထားသည်ဟု ဦးစန်းနွယ်က ဆိုသည်။

“ကျေးလက်တောရွာတွေက လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ သတင်းစာတွေ ဘာတွေ၊ မရောက်ကြဘူး။ ရောက်ရင်လည်း စာမတတ်ကြဘူး။ ပြီးတော့ ဘင်္ဂလီစာလည်း မတတ်ဘူး။ စကားပဲ တတ်တာကိုး။ ဖြစ်ပျက်နေတာတွေကို ဘာမှ မသိဘူး။ တဖက်က သူတို့အမျိုးတွေ ပြောတာပဲ ယုံနေကြတယ် ပေါ့။ ဒါကြောင့် ဒီဖက်မှာ ဘာတွေလုပ်နေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာ သူတို့ သိစေဖို့ လုပ်တာပါ” ဟု ဦးစန်းနွယ်က ဆိုသည်။

အစီအစဉ်ကို နံနက် ၆ နာရီမှ ၁၀ နာရီနှင့် ညနေပိုင်း ၄ နာရီမှ ည ၈ နာရီထိ နှစ်ချိန်ထုတ်လွှင့်ကာ၊ တစ်နာရီစာ အစီအစဉ်ကို ထပ်မံထုတ်လွှင့်နေခြင်းဖြစ်သည်။

နယ်စပ်မြို့နယ်ခွဲဖြစ်သည့် တောင်ပြိုလက်ဝဲမှ ဒေသခံ ကိုအောင်မြိုင်က “ယူကျု (YouTube) က လွှင့်တာလား” ဟု ဆိုပြီး “ကျွန်တော်တော့ နားမထောင်ရသေးဘူး။ ဘယ်နေ့က လွှင့်တာလဲ မသိဘူး” ဟု ဆိုသည်။ ကိုအောင်မြိုင်သည် အစ္စလမ်ဘာသာဝင်ဖြစ်ပြီး ဘင်္ဂလီဘာသာစကားပြောသူဖြစ်သည်။

ဒေသခံများ၏ ပြောဆိုချက်အရ ရေဒီယိုနားထောင်သူ အနည်းငယ်သာရှိပြီး အများစုမှာ အဆိုပါအစီအစဉ်ကို မသိရှိရသေးဟု ဆိုကြသည်။

မောင်တောမြို့ပေါ်တွင် နေထိုင်နေသည့် ကိုညီထွန်းက “ဒီမှာ ရခိုင်အစီအစဉ်တွေတော့ ကြည့်ရတယ်။ မေယု ဆိုတာမျိုးတော့ မကြားမိသေးဘူး” ဟု ဆိုသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar