မောင်တော်ဒေသတွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား အကြမ်းဖက် တိုက်ခိုက်သူများက ဝိုင်းဝန်းတိုက်ခိုက်သဖြင့် တပ်မတော်သားလေးဦးသေဆုံးခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့် တွင် မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့် နေရာသို့ တပ်မတော်စစ်ကြောင်းက ရှင်းလင်းစဉ် တောင်ကုန်းပေါ်၌ အသင့်နေရာယူထားသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၃၀ ခန့်က လက်နက်ငယ်များ၊ စက်သေနတ်များဖြင့် တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ အပြန်အလှန်ပစ်ခတ်နေစဉ် တပ်မတော်စစ်ကြောင်း နေရာယူထားသည့် နေရာ၏ မြောက်ဘက်နှင့် အနောက်ဘက်တို့မှ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ ခန့်က လက်နက်ငယ်များ၊ ဓားနှင့်တုတ်များ ကိုင်ဆောင်၍ ထပ်မံတိုက်ခိုက်လာသဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ အနောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားသည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အလောင်း တစ်လောင်း၊ သေနတ်နှစ်လက်နှင့် ကျည်အိမ် နှစ်ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်က သေနတ် နှစ်လက် ပျောက်ဆုံးကာ စစ်သည်တစ်ဦး ဒဏ်ရာရရှိပြီး စစ်သည်လေးဦး ကျဆုံးခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၉ ရက်နေ့က ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်ခြားစောင့် တပ်ဖွဲ့၏ စခန်းများ တိုက်ခိုက်ခံရပြီး နယ်ခြားစောင့်ရဲ ကိုးဦးသေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများ ပျောက်ဆုံးခဲ့ရပြီးနောက် တပ်မတော်က နယ်မြေလုံခြုံရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၀ ရက်နေ့၊ နံနက် ၉ နာရီခန့်က တောင်ပိုင်ညာကျေးရွာအား ဝင်ရောက် ရှင်းလင်းစဉ် ရွာသား ရှစ်ဦးခန့်က ဓား၊ တုတ်များဖြင့် ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လာမှုကြောင့် ပြန်လည် ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အလောင်း ခုနစ်လောင်းနှင့် ၎င်းတို့ ကိုင်ဆောင်တိုက်ခိုက်ခဲ့သော ဓား၊ တုတ်များအား သိမ်းဆည်းရမိခဲ့သည်ဟုလည်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် မောင်နှမအလယ်ကျေးရွာအား အောက်တိုဘာ ၁၁ ရက်နေ့၊ နံနက်၅ နာရီခန့်က ဝင်ရောက်ရှင်းလင်းစဉ် ဝဲဘက် ခြေထောက်တွင် ဒဏ်ရာများရရှိထားသည့် အစ္စမာန်နှင့် ကျေးရွာတာဝန်ခံ အဘူကာလာမ်တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့နှစ်ဦးမှာ နယ်ခြားစောင့် တပ်ဖွဲ့၏ ကျီးကန်းပြင်စခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်စဉ် ပါဝင်ခဲ့သူများဖြစ်ကြောင်း သိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၉ ရက်နေ့က စတင်ခဲ့သည့် တိုက်ခိုက်မှုများတွင် အစိုးရဘက်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် တပ်မတော်သား လေးဦး၊ စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ကာ အကြမ်းဖက် တိုက်ခိုက်သူများဟုဆိုသူ ၁၆ ဦး၏ အလောင်းများကို ရရှိထားကာ လေးဦးကို ဖမ်းဆီးထားသည်။ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာက စစ်ဆေးမေးမြန်းလျက်ရှိသည်။
နယ်ခြားစောင့်စခန်းသုံးခုအား တိုက်ခိုက်ခံရမှုများအတွင် ကျဆုံးကွယ်လွန်သွားသူများ၏ မိသားစုဝင်များအတွက် ဝမ်းနည်းစာနာကြောင်း ဥရောပသမဂ္ဂက အောက်တိုဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်မှု ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်၊ ပါဝင်ပတ်သက်သူများ အားလုံးအား တာဝန်ရှိရှိ ထိန်းထိန်းသိမ်းသိမ်းပြုမှု ဆောင်ရွက်ကြရန်နှင့် စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ကြပါရန်လည်း တိုက်တွန်းထားသည်။ ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့နေရသည့် ကာလများတွင် မြန်မာနိုင်ငံနှင့် အတူတကွ ရပ်တည်လျက်ရှိသည်ဟု ဖော်ပြထားသည်။