နေပြည်တော်၊ သြဂုတ် ၂၅
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးသူ အရေအတွက်မှာလည်း ၇၂ ဦးအထိရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်တွင် မောင်တော မောင်နှမရွာ ဗလီရှေ့ ကားလမ်းမပေါ်တွင် စစ်ကူသွားသည့် နယ်ခြားစောင့်ရဲ တပ်ရင်းမှ ကား ၃ စီးကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲပြီး ပစ်ခတ်မှုဖြစ်နေသည်ဟု အတိုင်ပင်ခံရုံးက ယနေ့ ညနေ ၄ နာရီခန့်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နံနက်ပိုင်းအစောပိုင်း ၁ နာရီခန့်က စတင်ကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ရဲကင်းစခန်းများ တစ်ချိန်တည်း အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ ကင်းစခန်းပေါင်း ၃၀ တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သား ၁ ဦးနှင့် လဝကအရာရှိ ၁ ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် တပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့သည့်အနက် ၃ ဦးမှာ စိုးရိမ်ရပြီး လက်နက် ၆ လက်ဆုံးရှုံးခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ကျေးလက်ကျန်းမာရေးမှူးတစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟုဆိုသည်။
ရဲစခန်းများကို လာရောက်တိုက်ခိုက်သူများမှာ “အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ” ဖြစ်သည်ဟု အတိုင်ပင်ခံရုံးနှင့် တပ်မတော်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်အထိ အဆိုပါအကြမ်းဖက်သမား ၅၉ ဦး၏ အလောင်းများကို ရရှိထားပြီး တစ်ဦးကို အရှင်ဖမ်းဆီးမိခဲ့သည်ဟု အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ညနေ ၃ နာရီခန့်တွင် ထုတ်ပြန်ချက်အရ နံနက် ၉ နာရီ ၄၅ မိနစ်မှ သတင်းထုတ်ပြန်သည့်အချိန်အထိ နတ်ချောင်းရဲကင်းစခန်းသို့ အင်အား ၃၀၀ ခန့်က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းခုခံကာကွယ်လျက်ရှိသည်ဟု ဖော်ပြထားသည်။
ထို့ပြင် နံနက် ၇ နာရီ ၄၅ မိနစ်မှစတင်၍ ကျားခေါင်းတောင်ရဲကင်းစခန်းအား ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် တပ်မတော်စစ်ကူစစ်ကြောင်းများ ရောက်ရှိပူးပေါင်းနိုင်ခဲ့သဖြင့် ၎င်းအကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားပြီး ၎င်းတို့နောက်သို့ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လိုက်လံချေမှုန်းလျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
သေနတ်သံများကို တစ်ညလုံး ကြားနေရသည်ဟု မောင်တောဒေသခံတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။
“အခုထိ သေနတ်သံတွေ ကြားနေရတုန်းပဲ။ အိမ်အပြင်တောင် မထွက်ရဲဘူး” ဟု အမည်မဖော်လိုသူ အဆိုပါဒေသခံက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု Arakan Rohingya Salvation Army ကို ကိုယ်စားပြုသည်ဟု ယူဆရသော Twitter အကောင့်တစ်ခုက ရေးသားထားသည်။ “ကမ္ဘာ့ဖိနှိပ်ခံလူသားများအား ကာကွယ်ရန် တရားမျှတသည့် ခြေလှမ်းဖြစ်သည်” ဟု ၎င်းတို့က ရေးသားထားကာ ဖိနှိပ်သူများလက်မှ ဖိနှိပ်ခံထားရသူများအား လွတ်မြောက်အောင်ဆောက်ရွက်မည်ဟုလည်း ဆိုသည်။
တိုက်ခိုက်မှုများမှာ “ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့်အချိန်နှင့် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်း ဖြစ်သည်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက ပြောကြားထားသည်။