မောင်တောတိုက်ခိုက်မှုတွင် ပါဝင်သူများအား အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက ကြေညာ

နေပြည်တော်၊ သြဂုတ် ၂၅

မောင်တောဒေသတွင် ယနေ့နံနက်ပိုင်းက ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူများအား အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက ယနေ့ညပိုင်းတွင် ကြေညာလိုက်သည်။

“ယခုအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သော အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက်သမားများအတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာလိုက်သည်” ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌလက်မှတ်ရေးထိုး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များအရ အဆိုပါဗဟိုအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးက တာဝန်ယူထားသည်။

ယမန်နံနက်ပိုင်းအစောပိုင်း ၁ နာရီခန့်က စတင်ကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ရဲကင်းစခန်းများ တစ်ချိန်တည်း အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့၏ သတင်းထုတ်ပြန်ချက်များအရ ရဲကင်းစခန်းပေါင်း ၃၀ တပြိုင်နက် တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သား ၁ ဦးနှင့် လဝကအရာရှိ ၁ ဦး သေဆုံးခဲ့ရသည်။

တိုက်ခိုက်သူများမှာ “အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများ” ဖြစ်သည်ဟု ကြေညာချက်များတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

“အကြမ်းဖက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမား ၇၇ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီ ၂ ဦးကို အရှင်ဖမ်းမိခဲ့သည်” ဟု အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ပြီးခဲ့သည့်နှစ်အောက်တိုဘာလက စတင်ကာ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုမှာ တစ်နေ့ထဲတွင် အများဆုံးသေဆုံးခဲ့ခြင်းဖြစ်သည်။

ယနေ့ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု Arakan Rohingya Salvation Army ကို ကိုယ်စားပြုသည်ဟု ယူဆရသော Twitter အကောင့်တစ်ခုက ရေးသားထားသည်။ “ကမ္ဘာ့ဖိနှိပ်ခံလူသားများအား ကာကွယ်ရန် တရားမျှတသည့် ခြေလှမ်းဖြစ်သည်” ဟု ၎င်းတို့က ရေးသားထားကာ ဖိနှိပ်သူများလက်မှ ဖိနှိပ်ခံထားရသူများအား လွတ်မြောက်အောင်ဆောက်ရွက်မည်ဟုလည်း ဆိုသည်။

တိုက်ခိုက်မှုများဖြစ်ပေါ်ချိန်တွင် နိုင်ငံတော်သမ္မတရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)နှင့် ဆက်သွယ်ကာ လိုအပ်သော လုံခြုံရေးတပ်ဖွဲ့များ ထပ်မံဖြည့်တင်းရေးကိစ္စ၊ ရဟတ်ယာဉ် သုံးစွဲရေးကိစ္စတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က နိုင်ငံတော်သမ္မတထံ အခြေအနေကို ဆက်သွယ် သတင်းပို့ခဲ့ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လာရောက်တွေ့ဆုံကာ ရခိုင်ပြည်နယ် လူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်နှင့် အကြမ်းဖက်သမားများအား ထိရောက်စွာ နှိမ်နင်းရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

“ယခုအခါတွင် အဆိုပါ ဒေသ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အားကို လက်ရှိရှိသည့် အင်အားထက် တိုးမြှင့် တာဝန်ချထားရေးတို့ကို ဆောင်ရွက်ပေးထားပြီး၊ တပ်မတော်မှလည်း တပ်ဖွဲ့ အင်အားဖြည့်တင်းကာ ဒေသခံ ပြည်သူတို့၏ လုံခြုံရေးကိုထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးရန် အစီအမံများပြုလုပ်ပေးပြီး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တော၊ ခမောင်းဆိပ်၊ တောင်ပြိုလက်ဝဲနှင်‌့ မြင်းလွတ်မြို့များတွင် ပိတ်မိနေသော နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့ပေးထားပြီးဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar