မောင်တောခရိုင်က စစ်ဆင်ရေး အခြေအနေတွေအပေါ် အစိုးရ ဘာပြောသလဲ

လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း နေထိုင်သူတွေဆီ ဦးတည်တဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေ တစ်ကျော့ပြန် ဖြစ်ပွားနေလို့ စစ်ဆင်ရေးနယ်မြေအဖြစ် ဒုတိယအကြိမ် သတ်မှတ်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို Frontier မှ ဉာဏ်လှိုင်လင်းက မေးခွန်းတချို့ မေးမြန်းခွင့်ရခဲ့ပါတယ်။

စစ်ဆင်ရေးဒေသအဖြစ် ဘယ်တုန်းက စပြီးသတ်မှတ်တာလဲ။

ဖြေ။ စဖြစ်တဲ့နေ့ကတည်းက ရဟတ်ယာဉ်တွေဝင်ပါ။ တပ်တွေသုံးပါလို့ ပြောထားတယ်။ သြဂုတ် ၂၅ ရက်မှာပေ့ါ။ အဲဒီနောက် တပ်ကနေ စစ်ဆင်ရေးနယ်မြေ သတ်မှတ်ဖို့ဆိုပြီး တင်ပြတယ်။ အဲဒီကတည်းက ပေးထားပြီးသား။ သူတောင်းတဲ့ နေ့ကတည်းက ပေးထားတာ။ အခုမှ ပေးထားတာ မဟုတ်ဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလဖြစ်တုန်းက ဖေဖော်ဝါရီလကုန်မှာ တပ်တွေပြန်ရုပ်တယ်။ အဲဒီနောက် စစ်ဆင်ရေးဧရိယာ မဟုတ်တော့ဘူး။ အခုလည်း တပ်တွေပြန်ဝင်တယ်၊ စစ်ဆေးရေးဧရိယာ ပြန်ဖြစ်သွားပြီ။ တပ်တွေ ဝင်လို့ရအောင် စစ်ဆင်ရေးဧရိယာ သတ်မှတ်ပေးလိုက်တယ်။

ဘယ်ဒေသတွေကို သတ်မှတ်ထားတာလဲ။

ဖြေ။ မောင်တောခရိုင် တစ်ခုလုံးပါတယ်။ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေ အပါအဝင်ပေ့ါ။

စစ်ဆင်ရေး ဘယ်တော့ပြီးမှာလဲ။

ဖြေ။ မြေပြင်အခြေအနေပေါ် မူတည်တယ်။ ပေးထားတဲ့တာဝန်က အကြမ်းဖက်မှုတ ိုက်ဖျက်ရေး၊ ပြည်သူတွေ ဘေးကင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဒီလေးခု ပေးထားတယ်။ ဒီတာဝန်တွေ ပြီးပြီဆိုရင် တပ်က ပြန်ထွက်မှာပေ့ါ။။ အတိအကျတော့ ပြောလို့မရဘူး။

တိုင်းရင်းသားဒုက္ခသည်တွေကို ဘယ်တော့လောက် ပြန်လည်နေရာချထားပေးနိုင်မလဲ။

ဖြေ။ အရေးပေါ်ကယ်ဆယ်ရေး ရွှေ့ပြောင်းရေး လုပ်ထားတယ်။ ပြန်လည်နေရာချထားရေး ပြန်လည် ထူထောင်ရေးက ပြီးတော့မှ လုပ်ရမှာပါ။

နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားတဲ့ ထွက်ပြေးနေရသူတွေကိစ္စရော အစိုးရဘက်က ဘာများပြောချင်ပါသလဲ။

ဖြေ။ ပြေးတဲ့လူတွေက သောင်းနဲ့ချီတယ်ပြောတယ်။ နှစ်ဘက်နယ်စပ်စည်းရဲ့ ကြားထဲက ဇီးရိုးလိုင်းလို့ခေါ်တဲ့ နေရာမှာလို့ သိရတယ်။ အခြေအနေဘယ်လိုရှိလဲ မြေပြင်မှာ စုံစမ်း စိစစ်ခိုင်းထားတယ်။ ထွက်ပြေးတာက နှစ်မျိုးဖြစ်နိုင်တယ်၊ အကြမ်းဖက်တိုက်ခိုက်ပြီး အဲဒီဘက်ကို ရောက်သွားတာဖြစ်နိုင်တယ်။ အကြမ်းဖက် တိုက်ခိုက်ခဲ့တာမဟုတ်ဘဲ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ သွားတာလည်း ဖြစ်နိုင်တယ်။ အင်အားစိစစ်ဖို့ ညွှန်ကြားထားတယ်။ အတိအကျတော့ မသိသေးဘူး။ စိစစ်ခိုင်းထားပါတယ်။

အရပ်သားပစ်မှတ်တွေ တိုက်ခိုက်ခံနေရတယ်ဆိုပြီး သတင်းတွေ ထွက်နေတဲ့အပေါ်မှာရော အစိုးရဘက်က ဘာများပြောစရာရှိပါသလဲ။

ဖြေ။ အကြမ်းဖက်သမားတွေက သာမန်ပြည်သူတွေနဲ့ ရောနေတယ်။ အမေရိကန်တပ်ဖွဲ့တွေ ISIS တွေကို တိုက်တော့လည်း ကိုယ့်ကို ရန်ပြုဖို့သေချာရင် ပစ်လို့ရတယ်။ သေနိုင်လောက်တဲ့လက်နက်တွေ တုတ်၊ ဓား၊ လက်နက်၊ ဂျင်ကလိတွေ၊ သေနတ် အဲဒါမျိုးတွေ ကိုင်ထားတယ် ရန်ပြုဖို့ သေချာတယ်ဆိုရင် ပစ်လို့ရတယ်။

ဒါပေမဲ့ အကြမ်းဖက်သမားက လူထုနဲ့ရောနေတာ။ အကြမ်းဖက်သမားတွေရဲ့ နောက်ဆုံးနည်းဗျူဟာပဲ။ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတယ်လို့ အော်လို့ရအောင် အဲဒီလိုလုပ်တာ။ ဒါက မြန်မာနိုင်ငံ တစ်ခုတည်း ကြုံရတာမဟုတ်ဘူး။ အီရတ်မှာ၊ အာဖဂန်မှာ၊ ဆီးရီးယားမှာလည်း အော်တာပဲ။ ဒါပေမဲ့ နေတိုးတပ်တွေ၊ အမေရိကန်တပ်တွေ တိုက်နေတယ်။ တပ်မတော်ဘက်ကလည်း အဲဒီလိုပဲ။ ကျွန်တော်တို့က အခုရွာတွေကို ဝင်တဲ့အခါမှာ မဝင်ခင်မှာ ကြိုကြေညာတယ်။ အကြမ်းဖက်သမားတွေနဲ့ မပူးပေါင်းဖို့ မပါဝင်ဖို့ ၊ တုတ်၊ ဓား၊ လက်နက် မကိုင်ဆောင်ဖို့၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလာရင် ရန်ပြုတဲ့ ဟန်ပန် အမူအယာတွေမလုပ်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုကြေညာတယ်။

အကြမ်းဖက်သမားတွေရဲ့ နည်းဗျူဟာက ခွဲခြားဖို့ခက်တယ်။ ခွဲလို့ခက်အောင်လည်း လူကြားထဲနေတယ်။ လူကြားထဲက လုပ်တယ်။ အခု အသက်ဘေးက လွတ်မြောက်လာတဲ့ သူတွေကိုကြည့်လိုက် အရင်တုန်း သူတို့ရွာတွေမှာ အလုပ်လာလုပ်နေတဲ့သူတွေက ဝင်တိုက်တဲ့အထဲပါတယ်။

ဆိုလိုတာက သတ်ဖြတ်တိုက်ခိုက်တဲ့အထဲမှာ အခကြေးငွေယူပြီး အလုပ်လုပ်ပေးနေတဲ့ ရင်းနှီးပြီးသား လူတွေပါတယ်။ သာမန်ပြည်သူအနေနဲ့ လှုပ်ရှားသွားလာခဲ့တဲ့သူတွေ ပါနေတယ်။ တပ်မတော်သည် အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားပြီး တန်ပြန်ချေမှုန်းရေးလုပ်တာဖြစ်တယ်။ အကြမ်းဖက် တိုက်ခိုက်တဲ့အထဲ ပါတဲ့သူတွေကို ဥပဒေကြောင်းအရ ဖော်ထုတ်အရေးယူဖို့ လုပ်နေတာဖြစ်တယ်။ ဒီလို စွပ်စွဲလို့ရအောင် သာမန်ပြည်သူတွေက အကြမ်းဖက်သမား ဖြစ်နေတယ်။ အဲဒီတော့ သာမန်ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ မဟုတ်ဘူး။ အကြမ်းဖက်သမားကို တိုက်နေတာသာဖြစ်တယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar