မူးယစ်နှိမ်နင်းရေး အထူးအဖွဲ့အား သမ္မတက တိုက်ရိုက် စေခိုင်းမည်

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် ဖွဲ့စည်းလိုက်သည့် အထူးအဖွဲ့အား သမ္မတရုံးတွင် ထားရှိပြီး သမ္မတက တိုက်ရိုက်ညွှန်ကြား စေခိုင်းသွားမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုများနှင့် စပ်လျဉ်းပြီး သတင်းပေး တိုင်ကြားနိုင်မည့် “မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန” တစ်ခုအား သမ္မတရုံး၌ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု သမ္မတဦးဝင်းမြင့်က ဇွန် ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထိုဌာနသို့ တိုင်ကြားမှုများအား ဖမ်းဆီးအရေးယူရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့အား ဖွဲ့စည်းထားပြီးဖြစ်သည်ဟုလည်း သမ္မတက ပြောကြားခဲ့သည်။

“အဲဒါကလည်း ဖွဲ့ထားပြီးပါပြီ။ သမ္မတရုံး အိမ်တော်မှာထားတယ်။ အိမ်တော်မှာ ဒီဌာနကို အရာရှိအများစုနဲ့ ထားတယ်။ အခြားအဆင့် အမှုတမ်းဆိုလို့ တစ်ယောက်ပဲပါတယ်။ အဲဒီတော့လူကလည်း အကန့်အသတ်နဲ့ လုပ်တယ်။ ဘာကြောင့် အကန့်အသတ်နဲ့လုပ်လဲဆိုတော့ သတင်းပေါက်မှာဆိုးလို့” ဟု သမ္မတရုံး ပြောရေးဆိုခွင့်မရှိသူ ဦးဇော်ဌေးက ဇွန် ၂၇ ရက်နေ့တွင် ပြောကြားသည်။

“ကြားထဲမှာ အဆင့်တွေများလေလေ သတင်းပေါက်ကြားတာ ရာခိုင်နှုန်းက များလေလေဖြစ်တယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုဌာနက သမ္မတရုံးအမြဲတမ်းအတွင်းဝန်မှတစ်ဆင့် သမ္မတထံ တိုက်ရိုက်တင်ပြသွားမည်ဖြစ်သည်။

“လုပ်မယ့် လုပ်ငန်းစဉ်က ဘာလဲဆိုတော့ ဒီအဖွဲ့၊ ဒီဌာနကို ရောက်လာတဲ့သတင်းကို သမ္မတဆီ တင်ပြမယ်။ သမ္မတကနေပြီး စိစစ်မယ်။ စိစစ်ပြီးရင် အောက်ခြေကို အဆင့်ဆင့် မချပြဘူး။ မချပြဘဲ ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ကို ပေးမယ်။ အထူးအဖွဲ့က သွားပြီးတော့မှ စစ်ဆေးမယ်၊ အရေးယူမယ်။ အရေးယူလို့ ဖမ်းဆီးရမိမှုတွေကို တရားရုံးကိုတင်မယ်။ အမှုဖွင့်မယ်ပေါ့”ဟု ဦးဇော်ဌေးကပြောသည်။

ထို့နောက် ဖမ်းဆီးရမိသည့် မူးယစ်ဆေးရောင်းဝယ်သူများ၏ ပိုင်ဆိုင်မှုများအား သတင်းပေးသူ၊ ဖမ်းဆီးသူနှင့် အစိုးရတို့ အချိုးကျ ခွဲဝေသွားမည်ဖြစ်သည်။

“သတင်းပေး တိုင်ကြားမှုကြောင့်ရတဲ့ဟာက တန်ဖိုးက သိန်းတစ်ထောင်ရှိတယ်ဆိုရင် သတင်းပေးတဲ့သူက အနည်းဆုံး သိန်း ၁၀၀ လောက်ရနိုင်အောင်၊ နောက်ဖမ်းတဲ့ မူးယစ်ရဲပေါ့ သိန်း ၂၀၀ လောက်ရမယ်။ အဲ့ဒါဆိုရင် နိုင်ငံတော်က သိန်း ၇၀၀ လောက်ရတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် တရားရုံး လုပ်ထုံးလုပ်နည်းများကြောင့် ကြန့်ကြာမှုမရှိစေရေးအတွက် တန်ဖိုးသင့်ပြီးပါက သတင်းပေးသူနှင့် ဖမ်းပေးသူများအတွက် နိုင်ငံတော်က ခေတ္တ စိုက်ထုတ်သွားမည်ဟုလည်း ၎င်းက ပြောသည်။

သို့သော် သတင်းပေးသူအား လျှို့ဝှက်ပေးထားမည်ဖြစ်သည့်အပြင် ဆုချီးမြှင့်မှုများကိုလည်း သတင်းထုတ်ပြန်မည်မဟုတ်ဟု ၎င်းကပြောသည်။ “သူတို့ရဲ့ လုံခြုံမှုကိုအထူးဂရုပြုပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

“သူတို့ရဲ့ လုံခြုံမှုကို ကျွန်တော်တို့ စိုးရိမ်တယ်။ နောက်တစ်ချက်က သူတို့ သတင်းပေးထားတဲ့ အချက်တွေ ကို စိုးရိမ်တယ်။ နောက် လက်တွေ့ဖမ်းဆီး ဖော်ထုတ်တဲ့အခါမှာလည်း လွတ်သွားတာတွေ ဖြစ်မှာစိုးလို့ အဓိက တရားခံတွေ မမိမှာစိုးလို့ အဲဒီအပေါ်မှာ စီစဉ်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အသစ်ပြင်ဆင်လိုက်သည့် မူးယစ်ဆေးဝါးဥပဒေအတွက် နည်းဥပဒေရေးဆွဲသည့်အခါ သတင်းပေးသူနှင့် ဖမ်းဆီးသူများအား ပေးအပ်မည့် ဆုကြေးများကို ထည့်သွင်းရေးဆွဲသွားမည်ဖြစ်သည်။

“အကြမ်းဖျင်းကတော့ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းဆိုပြီး အကြမ်းဖျင်း လျာထားတယ်။ ဒါပေမယ့် နည်းဥပဒေ တည်မှ၊ ဆွဲပြီးမှပဲ အတည်ပြုလို့ရမှာ။ အခုဟာက အကြမ်းဖျင်းပဲပြောထားတာ” ဟု ဦးဇော်ဌေးက ပြောသည်။

“မူးယစ်ဆေးဝါးသတင်းပေးလို့ ဖော်ထုတ်ဖမ်းဆီးရမိတဲ့ ကိစ္စတွေမှာ အနည်းဆုံး လူတစ်ယောက်ကို သိန်း ၁၃၀ လောက်ပေးဖို့ တွက်ထားပြီးပြီ။ နောက်တစ်ချက်က အထူးသဖြင့် မူးယစ်ရဲဝန်ထမ်းတွေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ များများဖမ်းလေ၊ နိုင်ငံတော်က ချီးမြှင့်တဲ့ ပိုက်ဆံများများရလေပေါ့။ မူးယစ်ရဲတွေအနေနဲ့ လည်း ဂုဏ်သိက္ခာရှိရှိ မူးယစ်ဆေးဝါးအမှုတွေ ဖော်ထုတ်နိုင်မယ်။ မူးယစ်ဆေးဝါး သတင်းပေးတဲ့ လူတွေကလည်း ဒီက သတင်းပေးတဲ့ ပိုက်ဆံသည် ငွေဖြူဖြစ်ခွင့်ပေးမယ့် သဘောတွေလုပ်ထားပါတယ်” ဟု ၎င်းကပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar