ရန်ကုန်
ကမန်တိုင်းရင်းသားများအား မူလနေရာတွင် အမြန်ဆုံး ပြန်လည် ထူထောင်ပေးပါရန်နှင့် ရန်ကုန်မြို့သို့ ရောက် ရှိနေသော နေရပ်စွန့်ခွာလာသူ ကမန်တိုင်းရင်းသား ၄၀၀ ခန့်အား သင့်တော်သည့်နေရာတွင် စီစဉ်ဆောင်ရွက် ပေးရန် ရမ်းဗြဲဒေသခံ ကမန်တိုင်းရင်းသားများက တောင်းဆိုလိုက်သည်။
“ကျွန်တော်တို့ ကမန်လူမျိုးတွေဟာ တိုင်းရင်းသားလူမျိုးတစ်စု ဖြစ်တယ်။ ၂၀၁၂ ရခိုင်၊ ဘင်္ဂါလီ အရေးအခင်းမှာ ကျွန်တော်တို့တွေဟာ ကြားညှပ်ခံခဲ့ရတယ်။ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲက ကမန်လူမျိုးတွေဟာ အိုးမဲ့အိမ်မဲ့နဲ့ camp (စခန်း) တွေမှာ နေခဲ့ရတာ ငါးနှစ်လောက်ရှိပြီ ဖြစ်တယ်။ လူတစ်ယောက်ကို တစ်နေ့ကို ဆန်တစ်ဗူး၊ တစ်လကို ဆီတစ်ပုလင်းနဲ့ နေခဲ့ရတာဖြစ်တယ်။ အခုဆို ကယ်ဆယ်ရေးစခန်းမှာ ဆောက်ထားတဲ့ နေစရာတွေကလည်း လူနေလို့မရတော့လောက်အောင် စုတ်ပြတ်နေပြီ” ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်မျိုးက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမ၌ ဧပြီ ၂၆ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။
ကမန်တိုင်းရင်းသားအား မူလအိုးအိမ်များ ပြန်လည်တည်ဆောက်ပေးရန် ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင်သာမက ယခု အစိုးရလက်ထက်တွင်လည်း အကြိမ်ကြိမ် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း ရမ်းဗြဲမြို့နယ်ရှိ ကမန်တိုင်းရင်းသားများအား အစိုးရက အိမ်ထောင်စုတစ်လျှင် ကျပ်ငါးသိန်းနှင့် မိသားစုဝင်တစ်ဦးလျှင် ကျပ်တစ်သိန်း ထောက်ပံ့ကြေးပေးကာ ပြောင်းရွှေ့လိုက ပြောင်းရွှေ့နိုင်ကြောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်ခန့်က ဖိအားပေးမှုများ ရှိခဲ့သည်ဟု သိရသည်။ ထို့ပြင် ကယ်ဆယ်ရေးစခန်းရှိ ခေါင်းဆောင်များထံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လာရောက်ကာ အနုကြမ်း ဝင်စီးနိုင်သည်ဟု ဖိအားပေးမှုများလည်း ရှိခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ၂၀၁၂ ခုနှစ် မတိုင်မီက လူဦးရေ ၆၀၀ ခန့် ရှိခဲ့သော်လည်း ယခုအချိန်တွင် ၇၀ ဦးခန့်သာ ကျန်ရှိတော့သည်။
“ကျွန်တော်တို့ဟာ တိုင်းရင်းသားတွေဖြစ်တယ်။ ကိုးကွယ်တာက အစ္စလာမ်ဘာသာဖြစ်တယ်။ ကျွန်တော်တို့ဟာ တည့်တည့်ပြောရရင် လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက်ကတည်းက ဥပဒေမဲ့ပြုကျင့်မှုတွေကို နှစ်ပေါင်း၂၀ လောက် ခံခဲ့ပြီးပြီဖြစ်တယ်။ တစ်မြို့ကတစ်မြို့ သွားလာခွင့်မရှိဘူး။ ဒါ့အပြင် ၂၀၁၂ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခမှာ ကျွန်တော်တို့ ကြားညှပ်ပြီးခံခဲ့ရတယ်”ဟု ကမန်အမျိုးသား တိုးတက်ရေးကော်မတီ၏ ဗဟိုကော်မတီဝင် ဦးတင်ငွေက ပြောကြားသည်။
အထူးသဖြင့် ထိုကာလက ရမ်းဗြဲမြို့တွင် ၎င်းတို့အား နှစ်ကြိမ်တိတိ မီးရှို့ခြင်းခံခဲ့ရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ကမန်တိုင်းရင်းသားများသည် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများဖြစ်သော ရခိုင်၊ ကမန်၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီးစသည့်မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သည်။ နိုင်ငံတော်က တရားဝင်သတ်မှတ်ထားသော လူမျိုးစု ၁၃၅ ခုထဲတွင်လည်း တစ်ခုဖြစ်သည်။
“ရခိုင်ပြည်နယ်အရေးအခင်းမှာ ဘယ်အိမ်တအိမ်ကိုမှ မီးမရှို့ခဲ့ဘူး။ တဖက်မှာရှိတဲ့ဘာသာတူတဲ့ အုပ်စုတွေနဲ့လည်း မပူးပေါင်းခဲ့ဘူး။ ကျွန်တော်တို့ဟာ အစိုးရကို ပူညံပူညံ မလုပ်ခဲ့ဘူး။ အရင်ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက အခုအစိုးရထိ ကျွန်တော်တို့ရှိတဲ့ camp တွေကိုလာပြီး အသိအမှတ်ပြုမှု၊ တာဝန်ယူ ဂရုစိုက်မှုမရှိခဲ့ပါဘူး။ အစိုးရတာဝန်ယူ၊ တာဝန်ခံထားတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ ဘာသာမတူမှုတွေအပေါ် တန်ဖိုးထားခြင်း အရမ်းအားနည်းတယ်”ဟု ဦးတင်လှိုင်မျိုးက ပြောသည်။
၂၀၁၂ ခုနှစ်တွင် ရမ်းဗြဲမြို့၌ မီးရှို့ဖျက်ဆီးခံရသော ကမန်တိုင်းရင်းသားများပိုင်ဆိုင်သည့် မြေနေရားများမှာ ရမ်းဗြဲမြို့ စတည်စဉ်ကတည်းကပင် ကမန်တိုင်းရင်းသားများအား ရခိုင်ဘုရင်ကိုယ်တိုင် ချပေးခဲ့သည့် သမိုင်းဝင် နေရာများဖြစ်သည်ဟု ဆိုသည်။
“ရမ်းဗြဲမြို့က ကမန်လူမျိုးတွေဟာ ၂၂ နှစ်လောက် တစ်မြို့ကတစ်မြို့ သွားလာခွင့်မရှိ ရပ်ကွက်ထဲမှာဘဲ နေရတယ်။ အစိုးရပြောင်းလာတော့ ပြောင်းလာတယ်။ ဦးသိန်းစိန်လက်ထက်က ဦးသိန်းစိန်ဖြစ်လို့၊ NLD လက်ထက်က NLD ဖြစ်လို့ ဘာမှမပြောင်းလဲလာဘူး။ ရမ်းဗြဲမြို့မှာ အစ္စလာမ်တွေမရှိတော့ဘူးဆိုတဲ့ ပုံစံ ဖန်တီးချင်တာလား၊ ကူညီသလိုလိုနဲ့ နှင်ထုတ်တယ်လို့ပဲ ကျွန်တော်မြင်တယ်” ဟု ဦးတင်လှိုင်မျိုးက ပြောကြားသည်။
သတင်း-စောကပလူစိုး