မူဆလင်များအပေါ် ခွဲခြားဆက်ဆံနေမှုများ အမြန်ဆုံး ရပ်တန့်ရန် ကုလ ကိုယ်စားလှယ် တိုက်တွန်း

ရခိုင်ပြည်နယ်ရှိ မူဆလင်များအပေါ် နက်နက်ရှိုင်းရှိုင်း ခွဲခြားဆက်ဆံမှုများ ရှိနေခြင်းကို ပပျောက်သွားစေရန်အတွက် မြန်မာ အရပ်သားအစိုးရသစ်အနေဖြင့် ဦးစားပေး ဆောင်ရွက်သင့်သည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်က ဇူလိုင် ၁ ရက်က တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာ ရေးသားသူ မစ္စယန်ဟီလီက ၎င်း၏ ရက်သတ္တပတ် နှစ်ပတ်နီးပါး ကြာမြင့်သည့် ခရီးစဉ်အပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရ၏ ဆယ်စုနှစ် ငါးခုစာခန့် အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ဒီမိုကရေစီအစိုးရ အာဏာရရှိခဲ့ပြီးနောက် ၎င်း၏ မြန်မာနိုင်ငံသို့ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

ယန်ဟီလီသည် ခရီးစဉ်အတွင်း လူအသိုက်အဝန်းနှစ်ခုကြား ၂၀၁၂ ခုနှစ်က သွေးထွက်သံယို ပဋ္ဋိပက္ခများ ဖြစ်ပွားထားသည့် ရခိုင်ပြည်နယ်သို့လည်း သွားရောက်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ပဋ္ဋိပက္ခများ ဖြစ်ပွားပြီးချိန်မှ စတင်ကာ ဘာသာရေးကို အခြေခံပြီး လူ့အသိုက်အဝန်းနှစ်ခု ကွဲသွားခဲ့ကာ မူဆလင်အများစုမှာ သီးခြားခွဲထုတ်ထားသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရပြီး နေထိုင်သွားလာမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများတွင်ပါ ချုပ်ချယ်ကန့်သတ်မှုများ ခံနေရသည်။

“မြေပြင်အခြေအနေတွေက သိသိသာသာ ပြောင်းလဲမှုတွေ မဖြစ်ပေါ်သေးဘူးဆိုတာကို ကျွန်မရဲ့ ရခိုင်ခရီးစဉ်အတွင်းမှာ အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ယန်ဟီလီက ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ စခန်းများတွင် လူဦးများ ပြည့်နှက်နေသလို အမိုးအကာများလည်း ယိုယွင်းနေကာ ရေနှင့် မိလ္လာစနစ်များလည်း ကောင်းမွန်ခြင်းမရှိဟု ၎င်းကပြောသည်။

ပြည်နယ်အတွင်းရှိ မူဆလင်အသိုက်အဝန်းအပေါ် ခွဲခြားဆက်ဆံမှုများ ချမှတ်ထားခြင်းကို ရပ်တန့်ရန်လည်း ၎င်းက တိုက်တွန်းခဲ့ပြီး အဆိုပါ ကိစ္စမှာ အရေးကြီးသည့် ဦးစားပေးကိစ္စဖြစ်သည်ဟု ဆိုသည်။

“ရိုဟင်ဂျာနဲ့ ကမန်အသိုက်အဝန်းတွေအပေါ် လွတ်လပ်စွာ သွားလာခွင့် ဆက်လက်ထားရှိ ထိန်းချုပ်ထားတာတွေကို လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက်ဆိုပြီး ဘယ်လိုပဲအကြောင်းပြပါစေ ခိုင်လုံမှုမရှိပါဘူး” ဟု ယန်ဟီလီက ပြောသည်။

ကမန်မူဆလင်များအား တိုင်းရင်းသားလူမျိုးစု တစ်ခုအဖြစ် အစိုးရက အသိအမှတ်ပြုထားသော်လည်း ရိုဟင်ဂျာများကိုမူ အသိအမှတ် ပြုထားခြင်းမရှိပဲ အဆိုပါ လူဦးရေ တစ်သန်းနီးပါးမှာ နိုင်ငံမဲ့များ ဖြစ်နေကြသည်။

မြန်မာနိုင်ငံရှိ လူအများစုက ရိုဟင်ဂျာဟူသည့် အခေါ်အဝေါ်ကိုလည်း လက်ခံထားခြင်းမရှိပဲ ၎င်းတို့မှာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့် နိုင်ငံမှ တရားမဝင် ဝင်ရောက်လာကြသူများဖြစ်သည်ဟု သတ်မှတ်ထားသည်။

၎င်းတို့အား ရခိုင်ပြည်နယ်မှ အစ္စလမ်ဘာသာကို ယုံကြည်ကြသူများဟု ခေါ်ဝေါ်ရန် ယန်ဟီလီ မြန်မာနိုင်ငံသို့ မရောက်ရှိမီ အစိုးရက တာဝန်ရှိသူများအား ညွှန်ကြားထားသည်။

မတူညီသည့် လူ့အသိုက်အဝန်းနှစ်ခုအကြား ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် အာဏာပိုင်များက ဆောင်ရွက်ရာတွင် အချိန်ယူရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar