မူဆယ်တိုက်ခိုက်မှု၌ ကျည်ဆံအချို့ တရုတ်နယ်မြေတွင်း ကျရောက်ခဲ့ဟု တရုတ်က ပြောကြား

မူဆယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများမှ ကျည်ဆံအချို့ တရုတ်နိုင်ငံတွင်းသို့ ကျရောက်ခဲ့ပြီး အရပ်သားအချို့လည်း ထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ပြောကြားသည်။

ထို့ပြင် ထိုတိုက်ခိုက်မှုကိုလည်း ရှုံ့ချထားသည်။ မေ ၁၂ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည့် တရုတ်သံရုံး၏ ကြေညာချက်တွင် ထိုအကြမ်းဖက်မှုကို ပြစ်တင်ရှုံ့ချထားခြင်းဖြစ်ပြီး အရပ်သားများ အပြစ်မရှိဘဲ သေဆုံးခြင်းအတွက် ဝမ်းနည်းကြောင်းလည်း ဖော်ပြထားသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိစေရန်နှင့် ထိုဒေသတွင် နေထိုင်ကြသည့် နှစ်နိုင်ငံလုံးမှ နိုင်ငံသားများ၏ အသက်အိုးအိမ် လုံခြုံရေးအတွက် ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)က မူဆယ်မြို့အနီးရှိ အစိုးရလုံခြုံရေးရဲကင်းနှင့် မြို့တွင်းရှိ နေအိမ်များအား မေ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် အလစ်ဝင်ရောက် တိုက်ခိုက်ရာမှ ပစ်ခတ်မှုများ စတင်ခဲ့ခြင်းဖြစ်သည်ဟု အစိုးရက ပြောကြားသည်။

နှစ်နာရီခန့် ကြာမြင့်ခဲ့သည့် ပစ်ခတ်မှုများအတွင်း ဒုရဲအုပ်တစ်ဦး၊ ပြည်သူ့စစ်သုံးဦးနှင့် အရပ်သားအမျိုးသား ၁၃ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဒဏ်ရာရရှိသူ နှစ်ဒါဇင်ကျော်ရှိသည်ဟုလည်း ဖော်ပြထားသည်။

သို့သော် TNLA ကမူ တိုက်ခိုက်မှုတွင် အစိုးရဘက်မှ ပြည်သူ့စစ်အများအပြား သေဆုံးခဲ့သည်ဟု ပြောကြားသည်။ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ အရပ်သား ခြောက်ဦးနှင့် ပြည်သူ့စစ် ၂၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့သည်ရှိသည်ဟု ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့ဘက်မှမူ ငါးဦးသာ မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ၎င်းတို့အနေဖြင့် မူဆယ်မြို့အပြင်ဘက် လားရှိုးလမ်းပေါ်ရှိ လောင်းကစားရုံနှင့် စစ်တပ်နှင့် ပြည်သူ့စစ်ကင်းစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်ပီကို ပြောကြားသည်။

“ကျွန်တော်တို့ဒေသမှ တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့ ကချင်ပြည်နယ်မှာ ထိုးစစ်တွေ အပြင်းအထန် လုပ်ဆောင်နေတာကြောင့် ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“အရပ်သားတွေ သေဆုံးခဲ့ရလို့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ ဝမ်းနည်းပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုတွေထဲမှာ ဘယ်လိုသေဆုံးခဲ့ကြတယ်ဆိုတာတော့ ပြောဖို့ခက်ပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထိုတိုက်ခိုက်မှုမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟာ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှု မဟုတ်ပါ။ အဖျက် အမှောင့် အကြမ်းဖက်လုပ်ရပ်သာ ဖြစ်ပါတယ်” ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar