မူကိုအခြေခံသည့် နိုင်ငံရေးစနစ်သို့ ပြောင်းလဲနိုင်မည့် မူဝါဒဖြင့် ၈၈ မျိုးဆက် ပါတီသစ်ကို ဖွဲ့စည်းမည်

ရန်ကုန်၊ ဧပြီ ၃

လူကိုအခြေခံသည့် နိုင်ငံရေးအခြေအနေများမှ မူကိုအခြေခံသည့် နိုင်ငံရေးအခြေအနေသို့ ပြောင်းလဲနိုင်သည့် မူဝါဒများ ပါဝင်မည့် ပါတီပေါ်ထွန်းလာစေရန် ဆောင်ရွက်မည်ဟု ပါတီတစ်ရပ်ပေါ်ထွန်းလာရေး ဆောင်ရွက်နေသည့် ၈၈ မျိုးဆက် ခေါင်းဆောင်များက ပြောကြားလိုက်သည်။

“ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်မှာပဲဖြစ်ဖြစ်၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရောပဲ လူပုဂ္ဂိုလ်ကို အမှီသဟဲပြုတဲ့ နိုင်ငံရေးမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီစနစ်ကြီးက အမြဲတမ်း ရှင်သန်နေတာ မကောင်းဘူး။ ဆိုလိုချင်တာက နိုင်ငံရေးအခြေအနေတွေက လူပုဂ္ဂိုလ်တစ်ယောက်ကို မှီနေတယ်ဆိုပါစို့။ အဲဒီပုဂ္ဂိုလ်အပေါ်မှာ မှီရင် အဲဒီပုဂ္ဂိုလ်ရှိတဲ့ အချိန်မှာသာ အလုပ်ဖြစ်သလို မြင်ရလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်မရှိတော့ဘူးဆိုရင် သူလုပ်ခဲ့သမျှအားလုံးဟာ ပျက်စီးပြီ” ဟု မတ် ၃၀ နှင့် ၃၁ ရက်နေ့များက ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပခဲ့သည့် ပါတီတစ်ရပ်ပေါ်ထွန်းလာရေး တွေ့ဆုံ ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက Frontier ကို ပြောသည်။

ထို့ကြောင့် ဒီမိုကရေစီလုပ်ငန်းစဉ်များ ထိခိုက်မှုမရှိစေရေးအတွက် မူဝါဒ ခိုင်ခိုင်မာမာရှိရန် လိုအပ်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“မူဝါဒသာ ခိုင်ခိုင်မာမာရှိရင် ဘယ်သူပဲဖြစ်ဖြစ်၊ မူဝါဒခိုင်မာတဲ့အတွက် လူတွေဘယ်လိုပဲ ပြောင်းလဲသွားသွား၊ နောက်မျိုးဆက်တွေအတွက်လည်း ဒီမူဝါဒ ခိုင်မာမှုကို တည့်တည့်မတ်မတ် လျှောက်နိုင်ကြမယ်။ မူဝါဒအားကောင်းတဲ့ နိုင်ငံတွေမှာ ဘယ်သူပဲ သမ္မတဖြစ်လာပါစေ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင်တဲ့ အခြေအနေမရှိဘူး။ နိုင်ငံရေးရဲ့ စစ်မှန်တဲ့ သဘောတရားဟာလဲ မူပဲဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအပါအဝင် ၁၉၆၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံရေး တက်ကြွလှုပ်ရှားခဲ့သူများစုပေါင်းကာ နိုင်ငံရေးပါတီတစ်ခု ဖွဲ့စည်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ထိုသို့ဖွဲ့စည်းနိုင်ရေးအတွက် ၎င်းအင်အားစုများတွင် ပါဝင်နေသူများက ကော်မတီများဖွဲ့စည်းကာ ပြင်ဆင်နေကြသည်။

လက်ရှိအချိန်၌ ၎င်းတို့ကော်မတီအနေဖြင့် ပါတီထူထောင်ရာတွင် မည်ကဲ့သို့ မူဝါဒများချမှတ်သင့်သည်ဟူသည့် အကြံပြုချက်များကို လက်ခံနေကြောင်း၊ ပါတီဖြစ်မြောက်ရေးကော်မတီနှင့် မှုဝါဒရေးဆွဲရေးကော်မတီဝင်များက ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်၍ ပညာရှင်များဖြင့် ဆွေးနွေး တိုင်ပင်ပြီးသည့်အချိန်တွင် မူဝါဒများရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ကာလအပိုင်းအခြားနှင့် ခေတ်ပြောင်းလဲမှုပေါ် မူတည်၍ မူဝါဒအရွေ့များ ဖြစ်နိုင်ချေရှိကြောင်း ကိုမြအေးက ဆက်လက်ပြောကြားသည်။

မတ် ၃၀ နှင့် ၃၁ ရက်နေ့များက ကျင်းပခဲ့သည့် နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဒေသအသီးသီး၊ နယ်ပယ်အသီးသီး၊ မျိုးဆက်အသီးသီးမှ စိတ်ပါဝင်စားသူ ၅၀၀ ခန့် တက်ရောက် အကြံပြု ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲကျင်းပသည့် နှစ်ရက်တာတွင် တိုင်းရင်းသားတန်းတူရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၊ နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု၊ ကျား/မ အခွင့်အရေး တန်းတူရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး ပေါ်ထွန်းလာမည့် ပါတီ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒချမှတ်ရေးဆိုင်ရာများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးသူများထဲတွင် ၈၈ မျိုးဆက် ခေါင်းဆောင်များဖြစ်ကြသည့် ဦးကိုကိုကြီး၊ ကိုမြအေး၊ ဦးမင်းဇေယျာတို့အပြင် ဦးကျော်ဝင်း၊ ဦးစိုင်းညွန့်လွင်၊ ဦးဦးလှစော၊ ဦးမင်းဇင်၊ ဦးတင်မောင်သန်း(သင့်ဘဝ)၊ ဦးဘိုကြည်နှင့် ဦးမင်းခင်မောင်ရင်တို့ကဲ့သို့သော နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂိုလ်အဖွဲ့အစည်းများက အကြံပြုစာတမ်းများ ပေးပို့ရာတွင် ပါတီအမည်ကို ‘‘ရှစ်လေးလုံးပါတီ’’ဟု အမည်ပေးရန် အကြံပြုချက် ပါဝင်ခဲ့သော်လည်း ပါတီအမည်ပေးရေးအပါအဝင် ပါတီဖွဲ့စည်းပုံကိစ္စများကို နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်များအပေါ် အခြေခံ၍ နောက်ထပ် ညှိနှိုင်းဆုံးဖြတ်သွားမည်ဟု ပါတီတစ်ရပ် ပေါ်ထွန်းရေး ဖြစ်မြောက်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့အနေဖြင့် ယခုနှစ်ကုန်ပိုင်း၊ သို့မဟုတ် ၂၀၁၈ ခုနှစ်၊ နှစ်စပိုင်းတွင် တရားဝင်ပါတီဖြစ်မြောက်ရေးအတွက် စတင် လှုပ်ရှားသွားမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဦးတည်လျက် နိုင်ငံရေးလှုပ်ရှားမှုများ အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

သတင်း-ထူးထက်နိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.