မီးဘေးသင့် ပြည်သူများအတွက် ပြည်ထောင်စုလွှတ်တော်က ကျပ်သိန်း ၁၃၀ ကျော် လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တို့တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည့် မီးဘေးသင့် ပြည်သူများအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက စုပေါင်းကာ ကျပ်သိန်း ၁၃၀ ကျော် လှူဒါန်းမည် ဖြစ်သည်။

“မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ပြည်သူများအတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက စုပေါင်း လှူဒါန်းငွေဖြင့် တစ်ဦးလ ျှင် နေ့တွက် တစ်ရက်စာ ကျပ် ၂၀,၀၀၀ စီကို ပါဝင်လှူဒါန်းကြဖို့ အဆိုပြုလိုပါတယ်” ဟု ဖေဖော်ဝါရီ ၈ ရက်က စတင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်များအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ထိုအစီအစဉ်ကို လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသဖြင့် ပြည်ထောင်စုလွှတ်တော် တက်ရောက်ခွင့်ရ ကိုယ်စားလှယ် ၆၅၃ ဦး၏ နေ့တွက်စာ စုစုပေါင်း ကျပ် သိန်း ၁၃၀ ကျော်ကို စုပေါင်း လှူဒါန်းကြမည် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သည် ယခင်ငါးနှစ် ပထမသက်တမ်းကလည်း ယခုကဲ့သို့ ကိုယ်စားလှယ်များ၏ တစ်ရက်တာ နေ့တွက်စားရိတ်များကို စုဆောင်းကာ ကချင် စစ်ဘေးရှောင် ပြည်သူများအတွက် လည်းကောင်း၊ မီးဘေးသင့် ပြည်သူများအတွက်လည်းကောင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ဖူးသည်။

နမ့်ဆန်မြို့ မီးလောင်မှုတွင် ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ရရှိသည့် စာရင်းအရ အိမ်ခြေ ၂၈၀ မီးလောင်ကျွမ်းခဲ့သဖြင့် အိမ်ထောင်စု ၃၀၀ စုမှ လူဦးရေ ၁,၅၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။ တစ်ရက်တည်းမှာပင် လပွတ္တာမြို့ ၌ အိမ်ခြေ ၁၇၀ ကျော် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

သတင်း- စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar