မီးပျက်ရသည့် အကြောင်းရင်းများ ဖော်ထုတ်ပြီး နောင်မဖြစ်အောင်ကြိုးစားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လျှစ်စစ်ဓာတ်အား ပြတ်တောက်ရသည့် အကြောင်းရင်းများကို ဖော်ထုတ်ရန်နှင့် နောင်မဖြစ်အောင် ကြိုးစားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၇ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။

“တစ်ချို့မှာ လျှပ်စစ်ဓာတ်အားရရှိပြီဆိုသော်လည်း မကြာခဏ မီးပျက်သည်ဟု ပြောကြပါကြောင်း၊ အမှန်ပင်ဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းကဲ့သို့ မကြာခဏ မီးပျက် သည်ဆိုသည့် အကြောင်းအရင်းများမှာလည်း များစွာရှိပါကြောင်း၊ ယင်းကဲ့သို့ အကြောင်း အရင်းများကို မိမိတို့အနေဖြင့် ဖော်ထုတ်ပြီး နောင်မဖြစ်ရန် ကြိုးစားရမှာဖြစ်ပါတယ်” ဟု မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လာမည့်နှစ်တွင် လျှပ်စစ်သုံးစွဲမှု တိုးတက်လာမည်ကို ဖြည့်ဆည်းသွားနိုင်ရန်အတွက် ၁၂၀၀ မဂ္ဂါဝပ်ခန့်ရှိ LNG နှင့် Gas အင်ဂျင်သုံးစက်များဖြင့် ကာလတိုအတွင်း အချိန်မီ ဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ ၇၄၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်စမှ ဇွန်လအထိ ၃၉၃ မဂ္ဂါဝပ်ရှိသည့် သဘာဝဓာတ်ငွေ့သုံးနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံအသစ်များကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း ၎င်းကပြောသည်။

သို့သော် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် နည်းလမ်းတစ်မျိုးတည်းကို အားကိုး၍မဖြစ်နိုင်ပဲ နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့ အနောက်တောင်ဘက် ၁၆ မိုင် ၃ ဖာလုံအကွာရှိ မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည်   မြန်မာနိုင်ငံတွင် ပထမဦးဆုံး တည်ဆောက်ခဲ့သည့် စီးပွားဖြစ်ဓာတ်အားထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖြစ်ပြီး GEP ( Myanmar)Co., Ltd က BOT စနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

စက်တပ်ဆင်အင်အား ၁၇၀ မဂ္ဂါဝပ်ရှိပြီး စီမံကိန်းကို အဆင့်လေးဆင့်နှင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမအဆင့်မှ တတိယအဆင့်အထိ ၄၀ မဂ္ဂါဝပ်စီ အသီးသီးထုတ်လုပ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်ပြီး စတုတ္ထအဆင့်ကို ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်သည်။ စီမံကိန်းတစ်ခုလုံး ၁၇၀ မဂ္ဂါဝပ် တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် လျှပ်စစ်စွမ်းအင် ကီလိုဝပ် နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၂၁၀,၀၀၀ ခန့်အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဟုလည်း ဆိုသည်။

ဇွန် ၂၇ ရက်နေ့က ဖွင့်လှစ်သည့် စီမံကိန်းပထမအဆင့် ၄၀ မဂ္ဂါဝပ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီ မန်း-အမ်း ဓာတ်အားလိုင်းမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိန်ဆက်ပို့လွှတ်နေပြီဟုလည်း ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.