မိုင်းလားရှိ သားရိုင်းတိရိစ္ဆာန် ဈေးကွက်အား ပိတ်သိမ်းနိုင်ရန် စီစဉ်

နေပြည်တော်၊ မေ ၆

ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေ တရားမဝင် ရောင်းဝယ် ဖောက်ကားမှုကို လုံးဝလက်မခံဘူးလို့ သမ္မတဦးထင်ကျော်က ကြုံးဝါးပြီးတဲ့နောက်မှာ မိုင်းလားရှိ နာမည်ကျော်ဈေးကွက်ကို ပိတ်သိမ်းနိုင်ဖို့ စီစဉ်မယ်လို့ တာဝန်ရှိသူတွေက Frontier ကိုပြောပါတယ်။

ဇွန် ၅ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ရာမှာ သမ္မတက “အစိုးရနဲ့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ပိုမိုထိရောက်တင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းဖို့အပြင် ဥပဒေ ချိုးဖောက်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုပါတယ်” လို့လည်း တိုက်တွန်းခဲ့ပါတယ်။

သမ္မတက ထိုကဲ့သို့ ကြုံဝါးပြောဆိုမှုအပြီး နာရီပိုင်းအကြာမှာတော့ ကမ္ဘာပေါ်မှာ နာမည်ကျော်နေတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့ရှိ သဘာဝတောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေ ရောင်းဝယ်နေတဲ့ တရားမဝင် ဈေးကွက်ကို ပိတ်သိမ်းဖို့ ဒေသဆိုင်ရာအုပ်ချုပ်သူတွေနဲ့ ညှိနှိုင်းသွားမယ်လို့ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဇော်က Frontier ကို ပြောကြားပါတယ်။

“မိုင်းလားလိုဒေသမျိုးတွေကို သက်ဆိုင်ရာအုပ်ချုပ်နေတဲ့ နယ်မြေဒေသ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကျွန်တော်တို့ အစိုးရဌာနတွေရယ် ပူးပေါင်းညှိနှိုင်းပြီးတော့ ဒါတွေကို ထိန်းသိမ်းဖို့ စီစဉ်ထားပါတယ်” လို့ သူက ပြောလိုက်တာပါ။

အဲဒီဒေသမှာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု (MNDAA)ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အခြေစိုက်တာဖြစ်ပြီး သူတို့ကိုမေးမြန်းဖို့ Frontier က ကြိုးစားပေမယ့် မအောင်မြင်သေးပါဘူး။

ဦးဝင်းနိုင်ဇော်ကတော့ တရားဥပဒေစိုးမိုးမှု၊ ငြိမ်းချမ်းတည်ငြိမ်မှုမရှိသလိုပဲ စစ်မက်လည်းဖြစ်ပွားလေ့ရှိတဲ့ အဲဒီလိုနယ်စပ်ဒေသတွေမှာရှိနေတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေ တရားမဝင်ရောင်းဝယ်ဖောက်မှုတွေကို ထိန်းချုပ်ဖို့ ခက်ခဲနေပါတယ်လို့ ထုတ်ပြောပါတယ်။

မိုင်းလားမြို့ဟာ ပြည့်တန်ဆာလုပ်ငန်း၊ လောင်းကစားလုပ်ငန်း၊ ဒုစရိုက်လုပ်ငန်းများနဲ့ တောရိုင်းတိရိစ္ဆာန် ဈေးကွက်ရှိမှုတို့ကြောင့် နာမည်ကြီးပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ – ၄ ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ ဒီဒေသကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ရဲ့ ခေါင်းဆောင် ဦးစိုင်းလင်းက ထိန်းချုပ်ထားပါတယ်။ ဦးစိုင်းလင်းကို မူးယစ်ရာဇာ Mingxiang လို့လည်း သိထားကြပါတယ်။ NDAA ဟာ ၁၉၈၉ ခုနှစ်ကတည်းက အစိုးရနဲ့ အပစ်အခတ်ရပ်ဆဲရေးစာချုပ် ချုပ်ဆိုထားပါတယ်။

မိုင်းလားဈေးကွက်ရဲ့ အဓိကဝယ်လိုအားဟာ တရုတ်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ဒုတိယနေရာမှာရှိတယ်လို့ ဦးဝင်းနိုင်ဇော်ကပြောပါတယ်။ မှောင်ခိုပစ္စည်းတွေကို ရှမ်းပြည်နယ်ရှိ မူဆယ်၊ နမ့်ခမ်း၊ မိုင်းလား၊ တာချီလိတ်နဲ့ ကချင်ပြည်နယ်ရှိ ကန်ပိုက်တီတို့ကတစ်ဆင့် ကရင်ပြည်နယ်ရှိ ဘုရားသုံးဆူလမ်းကြောင်းတွေကတစ်ဆင့် ထုတ်ယူလေ့ရှိပါတယ်။

အဲဒီတရားမဝင်ကုန်သွယ်မှုမှာ အစိုးရဝန်ထမ်းတွေပါဝင်နေကြောင်း သတင်းတွေထွက်ပေါ်နေတာကြောင့် မျက်မြင်တွေ့ရှိတဲ့ ပြည်သူတွေထံက တိတိကျကျတိုင်ကြားချက်တွေကို စောင့်မျှော်နေတယ်လို့လည်း ဦးဝင်းနိုင်ဇော်က ဆိုပါသေးတယ်။

မိုင်းလားမြို့ဟာ အရှေ့တောင်အာရှဒေသမှာ အကြီးဆုံး တောရိုင်းတိရိစ္ဆာန် ရောင်းချတဲ့ ဈေးကွက်ဖြစ်တယ်လို့ အရှေ့တောင်အာရှ TRAFFIC အဖွဲ့ရဲ့ ဒုတိယဒါရိုက်တာ Chris Shepherd က ယခုနှစ်အစောပိုင်းက ပြောကြားခဲ့ဖူးပါတယ်။ မိုင်းလားဟာ မကြာသေးခင်အချိန်အထိ မြန်မာနိုင်ငံတစ်ဝန်းက တိရိစ္ဆာန်တွေနဲ့ ငှက်တွေအားလုံး ရရှိနိုင်တဲ့နေရာတစ်ခုဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အာဖရိကတိုက်က ဆင်စွယ်တွေကိုပါ မိုင်းလားမှာ ရောင်းချလာခဲ့တယ်လို့ သိရပါတယ်။ ရောင်းချတဲ့ ပစ္စည်းတွေထဲမှာ ကြောင်ကြီး မျိုးနွယ်တွေဖြစ်တဲ့ ကျား၊ ကျားသစ်တွေရဲ့ အရေခွံတွေနဲ့ တရုတ်နိုင်ငံက တိဘက် ဒရယ်ချိုတွေအထိ ပါဝင်နေပါတယ်။

ဒီလို သားရိုင်းဈေးကွက် ပပျောက်ရေးအတွက် အကူအညီပေးနေတဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ Environmental Governance and Disaster Resillience အဖွဲ့ ခေါင်းဆောင် ဒေါ်လတ်လတ်အေးကတော့ ဒီလုပ်ငန်းစဉ်တွေဟာ ကုန်ကျစရိတ်များပြားလွန်းတာကြောင့် ရေရှည်မှာ အလှူရှင်နိုင်ငံတွေကိုချည်း အားကိုးမနေသင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။

“အခုအချိန်မှာ ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့်၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍအားလုံးပူးပေါင်းပြီးတော့ ရန်ပုံငွေဟာ ဘယ်လိုဖြစ်သင့်လဲဆိုပြီး ဆွေးနွေးကြဖို့ အချိန်ကောင်းဖြစ်ပါတယ်” လို့ ဒေါ်လတ်လတ်အေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ သစ်တောဥပဒေ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတို့ကို ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်၊ နည်းပညာ၊ အတတ်ပညာ၊ ဝန်ထမ်းအင်အား၊ ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်နဲ့ ဆင်းရဲနွမ်းပါးမှုစတဲ့ အကြောင်းအမျိုးမျိုးကြောင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးလုပ်ငန်းတွေဟာ အခက်အခဲတွေ့နေပါတယ်လို့ အခမ်းအနားကို တက်ရောက်တဲ့ ပညာရှင်အချို့က ထောက်ပြကြပါတယ်။

သစ်တောဦးစီးဌာနရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ ၂၀၁၀ ကနေ ၂၀၁၆ ခုနှစ်၊ မေလအထိ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ ဖမ်းဆီးရမိမှု ၁၇၄ မှုရှိပြီး တောဆင်ရိုင်း သတ်ဖြတ်ခံရမှု ၁၂၀ ရှိတယ်လို့ သိရပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar