aung_ban_hospital.jpg
ဓာတ်ပုံ – သူရိန်ရွှေ
အောင်ပန်း၊ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်တွင် အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)တို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အရပ်သားများ ဒဏ်ရာရ၊ သေဆုံးမှုများ ရှိနေပြီး အချို့ကို စစ်ဆေးရုံတွင် တပ်မတော်က ခေါ်ယူ ကုသနေသည်။
အောက်တိုဘာ ၁၁ ရက်က ပစ်ခတ်မှုများကြောင့် မိုင်းနောင်မြို့အနီး နေထိုင်သူ မောင်စိုင်းခမ်းပန်နှင့် ဒေါ်ပါ့တျန်တို့ ဒဏ်ရာရရှိခဲ့ပြီး လွိုင်လင်တွင် ဆေးကုသရန် သယ်ဆောင်သွားရာ တပ်မတော်က အဆိုပါ လူနာများကို လမ်းတစ်ပိုင်းမှ သယ်ယူပြီး အောင်ပန်းမြို့ စစ်ဆေးရုံတွင် ကုသပေးနေခဲ့ခြင်း ဖြစ်သည်။
Frontier သတင်းထောက်က အောင်ပန်းမြို့ ခုတင် ၇၀၀ တပ်မတော်စစ်ဆေးရုံရှိ အဆိုပါ ဒဏ်ရာရ လူနာနှစ်ဦးကို သွားရောက်တွေ့ဆုံခဲ့ရာ မောင်စိုင်းခမ်းပန်နှင့် ဆေးရုံတွင် အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီခန့်က တွေ့ဆုံနိုင်ခဲ့သည်။
“ကျနော် နေကောင်းနေပါပြီ” ဟု အသက် ၁၅ နှစ်အရွယ် မောင်စိုင်းခမ်းပန်က ခုတင်ထက်တွင် လဲလျောင်း နေရာမှ ပြန်လည် ဖြေကြားသည်။
မောင်စိုင်းခမ်းပန်သည် နိုဝင်ဘာ ၁၁ ရက်က မိုင်းနောင်မြို့အနီးတွင် စပါးရိတ်သိမ်းရာမှ အပြန် သေနတ်ကျဉ်ဆန်ထိမှန်၍ လည်ပင်းတွင် ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
သူ၏ ဆေးကုသမှု ကုန်ကျစရိတ်အတွက် တပ်မတော်က အကုန်အကျခံထားသည်ဟု ၎င်း၏အဒေါ်နှင့် အစ်ကိုဖြစ်သူတို့က ဆိုသည်။
ထို့ပြင် အသက် ၅၅ နှစ်ရှိ ဒေါ်ပါ့တျန်မှာလည်း ရင်ဘတ်အရှေ့ဘက်ခြမ်း၌ သေနတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သူ ဖြစ်ပြီး ယခုအခါ ဒဏ်ရာမှာ ပြန်လည် ကောင်းမွန်လာပြီဟု ဆိုသည်။
ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်တို့သည် အောက်တိုဘာ ၂၆ ရက်ကတည်းက တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ လဲချား၊ မိုင်းရှုးနှင့် တောင်ကြီးမြို့တို့တွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားပြီး နောက်ဆုံး ရရှိထားသည့် စာရင်းအရ ၂,၀၀၀ ဦးရေနီးပါးထိ ရှိနေပြီဖြစ်သည်။
သတင်း – မြတ်ကျော်သူ