ရဲမွန်
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲတွင် ရခိုင်အမျိုးသားပါတီက နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စား မိန့်ခွန်းပြောကြားခဲ့ရပြီး ယင်းမိန့်ခွန်းကို တာဝန်ယူမှု၊ တာဝန်ခံမှုအရ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောကြားသည်။
နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စား ပြောကြားခဲ့သော မိန့်ခွန်းတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အရေးကိုသာ ဦးစားပေး ပြောကြားခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာ အနည်းငယ်သာ ပါဝင်ခဲ့သည်ကို တွေ့ရသည်။
၎င်းက မိန့်ခွန်းထဲတွင် “ကျွန်မတို့ရဲ့ ထွန်းသစ်စဒီမိုကရေစီနဲ့ နိုင်ငံအချုပ်အခြာ အာဏာကို အဓိကခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုတွေထဲမှာ ရခိုင်အရေးလို့ သိနေပြောနေကြတဲ့ ဘင်္ဂလီ မူဆလင်ပြဿနာဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် “ဘင်္ဂလီအရေးကိစ္စမှာ ရခိုင်နှင့် ရခိုင်နွယ်ဖွား တိုင်းရင်းသားများရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးသွားဖို့ အလွန် အရေးကြီးပါတယ်။ ဘင်္ဂလီအရေးဟာ အလွန်ရှုပ်ထွေးသွားပြီ ဖြစ်တဲ့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ သဘောထားများဟာ တစ်သားတည်းရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ရခိုင်အရေးလို့ ပြောနေကြတဲ့ကိစ္စမှာ ရခိုင်လူမျိုးများရဲ့ အသံကို ဂရုစိုက်နားထောင်ဖို့ ရခိုင်တို့ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို မပစ်ပယ်ဖို့လည်း အရေးကြီးပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ထိုမိန့်ခွန်းအား ပြောကြားခဲ့သည့် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး ညနေပိုင်းတွင်ပင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီများအစုအဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ဒေါ်အေးနုစိန်၏ ပြောကြားချက်သည် နိုင်ငံရေးပါတီများအစုအဖွဲ့၏ သဘောထား မဟုတ်ကြောင်းနှင့် ယင်းအစုအဖွဲ့ကို တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ သက်ဆိုင်ရာပါတီ၏ သဘောထားကို ပြောကြားခြင်းသာ ဖြစ်သည်ဟု ဖော်ပြထားသည်။
“နဂိုကတည်းကသိထားတဲ့ အစီအစဉ်အရ မိမိတို့ပါတီက အာဘော်နဲ့ ပြည်ထောင်စု ငြိမ်ချမ်းရေးရဲ့အနေအထားနဲ့ ဆီလျော်တဲ့ မိန့်ခွန်းကို အထပ်ထပ်အလီလီ စီစဉ်ပြီးတော့ တာဝန်ခံမှု တာဝန်ယူမှုအရ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအစုအဖွဲ့များကိုယ်စားဆိုတဲ့ စကားလုံးတစ်လုံးပေါ်မှာ အခြားပါတီတွေကို ကိုယ်စားမပြုဘူးဆိုတဲ့ အသံတွေထွက်လာပြီး ဒီကြေညာချက်ထုတ်တာကို ဘာမှဇောတက မတက်ချင်ဘူး။ နိုင်ငံရေး ယဉ်ကျေးမှုတစ်ခုပဲလို့ ရှုမြင်တယ်”ဟု ဒေါ်အေးနုစိန်က ဆိုသည်။
ရခိုင်အမျိုးသားပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကလည်း နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စား ပြောကြားရသည့် မိန့်ခွန်းဖြစ်သော်လည်း မိန့်ခွန်းပါ အကြောင်းအရာများကို ယင်းအစုအဖွဲ့နှင့် တိုင်ပင်ပြီး သဘောတူညီချက်ယူစရာ မလိုအပ်ကြောင်း တုံ့ပြန်သည်။
“ကျွန်တော်တို့က ညှိနှိုင်းစရာလည်း မလိုဘူး။ နိုင်ငံရေးပါတီ ကိုကိုယ်စားပြုပြီး ပြောရတယ်ဆိုလို့ နိုင်ငံရေးပါတီတွေအားလုံးနဲ့ တိုင်ပင်ပြီး သဘောတူညီချက်ယူပြီး ပြောစရာမလိုဘူး။ အရှေ့ပွဲတွေကလည်း အခြားပါတီတွေ ပြောဖူးတယ်။ ပြည်ခိုင်ဖြိုးနဲ့ NLD ပါတီတွေက မိန့်ခွန်းပြောခဲ့တုန်းကလည်း သူတို့ရဲ့ ပေါ်လစီတွေကိုပဲ ပြောခဲ့တာပဲ။ ဒါက right (အခွင့်အရေး) ပဲ။ အလှည့်ကျပဲ။ ကိုယ့်အလှည့်ကျရင် ကိုယ့်မူဝါဒကို သင့်တော်သလို ပြောရမှာပဲ။ statement (ထုတ်ပြန်ချက်) ကို ကျွန်တော်တို့ မငြင်းဘူး။ ဟုတ်တယ် မညှိခဲ့ဘူး။ ညှိဖို့လည်း မလိုအပ်ဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် ညီလာခံကာလအတွင်း အစိုးရက ထုတ်ဝေသည့် သတင်းလွှာတွင် မိန့်ခွန်းပြောကြားခဲ့သူ လေးဦးရှိသည့်အနက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်စောမူတူးစေးဖို့တို့၏ မိန့်ခွန်းများကိုသာ ဖော်ပြခဲ့သည်။
“မလိုရင် မလိုသလို ဖယ်ထုတ်ထားခဲ့မယ်။ ဖုံးကွယ်လိုက်မယ်ဆိုတဲ့ အနေအထားကတော့ ဒီလိုနိုင်ငံရေး အခင်းအကျင်းကြီးမှာ လုံးဝမဖြစ်သင့်တဲ့ အနေအထားတစ်ခု ဖြစ်တယ်လို့ပဲ ပြောချင်တယ်”ဟု ဒေါ်အေးနုစိန်က ပြောသည်။