မအူပင် ဦးစိန်ဝင်း တစ်သီးပုဂ္ဂလအဖြစ်ရပ်တည်မည်၊ NLD ကလည်း ခွင့်ပြုထား

နေပြည်တော်၊ ဇူလိုင် ၂၁

လွန်ခဲ့တဲ့တစ်နှစ်ခန့်ကစပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရဲ့ တာဝန်တွေကနေ တစ်ခုပြီးတစ်ခု ရုတ်သိမ်းခံနေရတဲ့ မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟာ တစ်သီးပုဂ္ဂလအဖြစ် ပြောင်းလဲရပ်တည်ဖို့ တင်ပြထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က Frontier ကို အတည်ပြုပါတယ်။

“ကော်မရှင်အဖွ့ဲကို တင်ထားပါတယ်”လို့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ အမည်ထုတ်ဖော်မပြောဆိုလိုသူ အရာရှိတစ်ဦးက ပြောလိုက်တာပါ။

ဦးစိန်ဝင်းရဲ့ တင်ပြစာနဲ့ ပါတီရဲ့နုတ်ထွက်ခွင့်ပြုစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ တင်ပြထားဆဲ အခြေအနေမှာရှိနေပြီး ကော်မရှင်အဖွဲ့ရဲ့ ခွင့်ပြုချက်သာလိုတော့တယ်လို့ သိရပါတယ်။ အခုလိုကိစ္စမျိုးနဲ့စပ်လျဉ်းတဲ့ လုပ်ငန်းစဉ်တွေကိုတော့ သူက အခုလိုဆက်ရှင်းပြပါတယ်။

“ပုံမှန်အားဖြင့်တော့ ကိုယ်စားလှယ်တင်ရုံနဲ့ ခွင့်မပြုပါဘူး။ သက်ဆိုင်ရာ ပါတီက နုတ်ထွက်ခွင့်ပြုကြောင်း စာပါမှရပါတယ်။ ပြီးမှ သူတစ်သီးပုဂ္ဂလအဖြစ် ရပ်တည်မယ်ဆိုလည်း တစ်သီးပုဂ္ဂလပေ့ါ၊ ဒါမျိုးသတ်မှတ်ပေးပါတယ်။ အခု ပါတီမှတ်ချက်လည်းရပါပြီ။ ကော်မရှင်အဖွဲ့မှတ်ချက်ပဲ လိုပါတော့တယ်”လို့ အဆိုပါ အရာရှိက ပြောပါတယ်။

ကာယကံရှင်ဦးစိန်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “တသီးပုဂ္ဂလအဖြစ်ပဲရပ်တည်ပြီး တောင်သူလယ်သမားအရေးတစ်ခုထဲ အာရုံစိုက် လုပ်တော့မယ်” လို့ ပြန်လည်ဖြေကြားပါတယ်။

ယခုလ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ပြီးနောက် အဆိုပါနေ့တွင်ပင် ပါတီမှ နုတ်ထွက်ခွင့်တောင်းခဲ့တယ်လို့သိရပါတယ်။ ထို့နောက် ယခုလ ၂၀ ရက်နေ့မှာတော့ ပါတီထံက နုတ်ထွက်ခွင့်ရရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တွေထံ Frontier က တယ်လီဖုန်းနဲ့ အတည်ပြုဖို့ကြိုးစားနေပေမယ့် မအောင်မြင်သေးပါဘူး။

ဧရာဝတီတိုင်းဒေသကြီး မအူပင် ဒေသခံ ဦးစိန်ဝင်းဟာ ၂၀၁၁ ခုနှစ်က စတင်ပြီး NLD ပါတီကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကို ကိုယ်စားပြုပြီး မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရသူပါ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအရောက်မှာလည်း အဲဒီမဲဆန္ဒနယ်ကပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သူတစ်ဦးပါ။ ဒါပေမယ့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့မှာ မအူပင်မြို့နယ်၊ အမှတ် ၂ ဧရာဝတီတိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးသက်ကိုလေးအပါအဝင်လေးဦးကို သူ့ရဲ့လက်မှတ် အသုံးပြုပြီး တောင်သူလယ်သမားအရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေဖြန့်ဝေတယ်လို့ဆိုကာ လိမ်လည်မှု၊ အသရေဖျက်မှုပုဒ်မတွေနဲ့ ဦးစိန်ဝင်းက တရားစွဲဆိုဖို့ကြိုးစားပြီးတဲ့နောက် ပါတီနဲ့ ဆက်ဆံရေး စတင်ပျက်ယွင်းခဲ့သူတစ်ဦးပါ။ အဲဒီအမှုရဲ့ နောက်ဆက်တွဲအခြေအနေတွေကို ဦးစိန်ဝင်း၊ တရားစွဲခံရသူတွေနဲ့ ပါတီဖက်က ထပ်မံပြောဆို ခြင်းမရှိတော့ပေမယ့် ဦးစိန်ဝင်းကိုတော့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့မှာ မအူပင်မြို့နယ် NLD ဗဟိုအလုပ် အမှုဆောင်တာဝန်ကနေ ပါတီက ရုတ်သိမ်းလိုက်ပါတယ်။

အဲဒီနောက်နှစ်ရက်အကြာမှာတော့ ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌအဖြစ်ကပါ ထုတ်ပယ်ခြင်းခံခဲ့ရပြန်ပါတယ်။ ဒါ့အပြင် ကော်မတီဥက္ကဋ္ဌအဖြစ် ထုတ်ပယ်ခံရပြီး ရှစ်လခန့်အကြာ လွှတ်တော်အတွင်းဆွေးနွေးမှုတစ်ခုမှာ ပါဝင်စဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့ ပြင်းပြင်ထန်ထန်ငေါက်ငမ်းမှုကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ပြည်သူ့လွှတ်တော်တွင်းပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးရေး ကော်မတီရဲ့ အစီရင်ခံစာအပေါ် ပါဝင်ဆွေးနွေးစဉ် လွှတ်တော်မှာဖွဲ့စည်းထားတဲ့ ကော်မတီအရေအတွက်နဲ့ ဝန်ကြီးဌာန အရေအတွက်ကို နှိုင်းယှဉ်ဆွေးနွေးခြင်း၊ လွှတ်တော်ကော်မတီတွေမှာ လုပ်ငန်း တာဝန်ပိုင်းဆိုင်ရာ မှားယွင်းမှုတွေရှိကြောင်း ပြောဆိုခြင်းတွေကြောင့်ဖြစ်ပါတယ်။

ဒါကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “အစီရင်ခံစာအပေါ် ဆွေးနွေးမှာလား၊ ဒါမှမဟုတ် ကော်မတီဖွဲ့စည်းတာကို ဘယ်လို ဖွဲ့စည်းပါ ဆွေးနွေးမှာလား။ ကော်မတီဖွဲ့စည်းတာ ဥက္ကဋ္ဌ အလုပ်။ ဆွေးနွေးစရာအကြောင်းမရှိဘူး”လို့ဆိုတဲ့အထိ ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီး ဆွေးနွေးချက်တွေ ပြန်မရုတ်သိမ်းရင် ဆက်ဆွေးနွေးခွင့်မပေးဘူးလို့ ဆိုတဲ့အတွက် ဦးစိန်ဝင်းဟာ သူ့ဆွေးနွေးချက်တွေကို ပြန်လည်ရုတ်သိမ်းခဲ့ရဖူးပါတယ်။

အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးစိန်ဝင်းဟာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကနေ စိုက်ပျိုးရေးဘွဲ့ရ ဖြစ်ပြီး အစိုးရရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနမှာ အရာရှိအဖြစ်တာဝန်ထမ်းဆောင်ဖူးသလို လင်းနိုင်အောင် အမည်ရ စိုက်ပျိုးရေးကုမ္ပဏီတစ်ခုမှာလည်း မန်နေဂျင်း ဒါရိုက်တာတာဝန်ယူခဲ့ကာ တောင်သူလယ်သမား အသိပညာပေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ သူ့ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုယ်ရေးမှတ်တမ်းမှာဖော်ပြထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar