လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ယိုယွင်း ပျက်စီးလာချိန်တွင် မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှတဆင့် စစ်အာဏာရှင်စနစ်ကို အနိုင်ယူနိုင်ရေးအတွက် တီထွင်ဆန်းသစ်သော နည်းလမ်းသစ်များ ရှာဖွေခြင်းနှင့်အတူ အခြား ရပ်တည်ချက်တူညီသည့် အဖွဲ့အစုများဖြင့် နိုင်ငံတကာမဟာမိတ်ဖွဲ့မှုများ ပြုလုပ်ရန် လိုအပ်လာသည်။
By DAVID SCOTT MATHIESON
ထိတ်လန့်စရာကောင်းလောက်အောင် နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုကြီး အရေးနိမ့်လာသည့် သတင်းကို မြင်ကြားဖတ်ရှုနေရသည်မှာ ၁၅ နှစ်ပင် ကြာမြင့်ခဲ့ပြီး ယခုအခါ အခြေအနေများ ပိုမို ဆိုးဝါးလာနေခဲ့သည်။ တစ်ချိန်က စစ်အေး တိုက်ပွဲလွန်ကာလများအတွင်း ကမ္ဘာ့လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှု၏ အရေးပါသော ပြယုဂ်တစ်ခုဖြစ်ခဲ့သည့် မြန်မာ့အရေးသည် တစ်စထက် တစ်စ ဖရိုဖရဲ ပြိုကွဲလာနေသည့် ယနေ့ ကမ္ဘာ့အခင်းအကျင်းတွင် တဖြည်းဖြည်း မှေးမှိန်လာလျက် ရှိသည်။
ဤအပြောင်းအလဲများကို စစ်တပ် အာဏာသိမ်းမှုအလွန် မြန်မာ့တော်လှန်ရေးက မည်သို့ လိုက်လျော ညီထွေ ကိုင်တွယ်ဆောင်ရွက်နိုင်မည်နည်း။ ပြည်တွင်းပြည်ပ မဟာမိတ်များနှင့် မိတ်ဖက်အသစ်များကို မည်သို့ အပူတပြင်း ရှာဖွေလက်တွဲကြမည်နည်း။
ဖြစ်နိုင်ချေရှိသော အဖြေတစ်ခုမှာ မိမိအခွင့်အရေးအတွက်သာ သီးသန့်မလှုပ်ရှားဘဲ အခြား အမျိုးမျိုး အဖုံဖုံသော မတူကွဲပြား လှုပ်ရှားမှုများနှင့် တညီတညွတ်တည်း ပူးပေါင်းတောင်းဆိုနိုင်အောင် ချဉ်းကပ်မှုကို အခြေခံကျကျ ပြောင်းလဲခြင်းပင် ဖြစ်သည်။ ထိုသို့ ပြောင်းလဲရန်မှာ အမှန်ပင် ခက်ခဲပေလိမ့်မည်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပွဲပြီးကတည်းက လေးနှစ်ကြာမြင့်လာပြီဖြစ်သော မြန်မာ့တော်လှန်ရေး၏ ချဉ်းကပ်ပုံ နည်းလမ်းများသည် စစ်အာဏာရှင်အပေါ် ထိထိရောက်ရောက်နှင့် အဓိပ္ပာယ်ရှိသော နိုင်ငံတကာ ဖိအားများ ဖြစ်ထွန်းလာအောင် စွမ်းဆောင်နိုင်မှု များစွာ မရှိခဲ့ပေ။ ထို့အတူ တော်လှန်ရေးမဟာမိတ်များသည် အမျိုးမျိုး ကွဲပြားနေသည့် တော်လှန်ရေးအုပ်စုများ၏ စိတ်ဓာတ်ခွန်အားကို ရေရှည်ခိုင်မြဲအောင် အပြည့်အဝ ထိန်းသိမ်းနိုင်စွမ်းလည်း ကင်းမဲ့နေခဲ့ကြသည်။
စိန်ခေါ်မှုတစ်ရပ်ရှိသည်။ ၎င်းမှာ အာဏာရှင်စနစ်တော်လှန်ရေး၏ ချဉ်းကပ်ပုံနည်းလမ်းကို အခြေခံကျကျ ပြန်လည် သုံးသပ်ရန် ဖြစ်သည်။ မြန်မာလူမျိုးဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ မြန်မာ့အရေးလှုပ်ရှားသူ သုံးမျိုး တွေ့ရသည်။ ၎င်းတို့မှာ စာအုပ်ကြီးသမား၊ လူထုဝါဒီသမားနှင့် လက်တွေ့သမားတို့ ဖြစ်ကြသည်။
အံ့ဩစရာကောင်းသည်မှာ စာအုပ်ကြီးသမားများသည် အမှန်စင်စစ် လူ့အခွင့်အရေးကာကွယ်သူများ မဟုတ်ကြဘဲ နိုင်ငံတော်အဆင့် အခွင့်အရေးစံနှုန်း၊ ဥပဒေ၊ စည်းမျဉ်းများကို ကိုင်စွဲထားလေ့ရှိကြခြင်းဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် တူညီသော စံချိန်စံညွှန်းများကို မိမိတို့၏ လက်နက်ကိုင်တော်လှန်ရေး၌ ချမှတ်ကျင့်သုံးရန် ငြင်းဆန်သူများလည်း ဖြစ်နေကြသည်။ တော်လှန်ရေးတပ်ဖွဲ့များက ကျူးလွန်သည့် ရာဇဝတ်မှုသည် စစ်တပ်က ကျူးလွန်သော ပြစ်မှုများနှင့် နှိုင်းယှဉ်လျှင် မှေးမှိန်သွားလေ့ ရှိသည်။ သို့သော် ၎င်းရာဇဝတ်မှုများကို လျစ်လျူရှုခြင်းက အားလုံးနှင့် အကျုံးဝင်သက်ဆိုင်သော လူ့အခွင့်အရေးလှုပ်ရှားမှုပုံရိပ်ကို ထိခိုက်ကျဆင်းစေလျက် ရှိသည်။
လတ်တလော၌ မြန်မာ့တော်လှန်ရေးမှာ အထိုက်အလျောက်အောင်မြင်သည်ဟု လူထုဝါဒီသမားများက ယူဆလေ့ရှိသည်။ ၎င်းတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း၊ အစီရင်ခံစာများ ပြုစုခြင်း၊ တစ်ဖက်အဖွဲ့ကို စိတ်ကသိကအောင့်ဖြစ်အောင်လုပ်ခြင်း၊ ဆီသည်မ လက်သုတ်ဝတ် အသုံးအနှုန်းများဖြင့် ပြည့်နှက်နေသော သတင်းဆောင်းပါးများ ရေးခြင်း စသည့် လုပ်ရပ်များဖြင့် အောင်မြင်မှုဟု ၎င်းတို့ သက်သေထူကြပေလိမ့်မည်။ လူမှုအဖွဲ့အစည်း ရာနှင့်ချီ၍ လက်မှတ်ရေးထိုးထားသော ထုတ်ပြန်ချက်၊ သို့မဟုတ် အိတ်ဖွင့်ပေးစာများသည် လူထုဝါဒီများ၏ အခြားနည်းလမ်းတစ်မျိုး ဖြစ်သည်။ ဝေးကွာလွန်းသော လူထုအသိုက်အဝန်းများအကြား စည်းလုံးညီညွတ်မှုကို ရရှိစေသဖြင့် ၎င်းတို့မှာ အသုံးဝင်သော်ငြားလည်း အကြောင်းအရာအပေါ် မူတည်၍ အဆိုပါ ထုတ်ပြန်ချက် အများအပြားသည် လက်တွေ့ အကျိုးသက်ရောက်မှု အနည်းအကျဉ်းမျှသာ ရှိကြသည်။
လူထုဝါဒီလှုပ်ရှားမှုအများစုတွင် မထိရောက်သော လှေနံဓားထစ် ပုံသေနည်းတစ်ခု ရှိသည်။ ၎င်းမှာ လှုပ်ရှားမှုကို အတွင်းကျိတ်၍ ကန့်သတ်ဆောင်ရွက်ပြီး အရေးကြီးသော အခြားအကြောင်းအရာများအတွက် စိတ်သဘောထား ပြောင်းလဲရန် စိတ်ဝင်စားလေ့မရှိသည့် အချက် ဖြစ်သည်။ အများအားဖြင့် ဘေးဒုက္ခ ခံစားရသူ ၂၀ ဦး ခန့်ကို တွေ့ဆုံမေးမြန်း၍ အစီရင်ခံစာရေးမည်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် လုံးဝလက်တွေ့မကျသော အကြံပြုချက်များ ထုတ်ပေးမည်။ စိတ်အာရုံနှိုးဆွနိုင်မည့် မျက်နှာဖုံး ဓာတ်ပုံရွေးမည်။ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်ကလပ်၌ သတင်းထောက် ရှစ်ဦး၊ အနောက်နိုင်ငံ သံတမန် လေးဦး၊ မိတ်ဆွေတချို့တို့နှင့်အတူ စာစောင်ကို ထုတ်ဝေမည်။ အိတ်စ် (X) နှင့် အင်စတာဂရမ်တွင် ပို့စ်တင်မည်။ ၃၆-နာရီ သတင်းရပ်ဝန်းတွင် ကြိမ်ဖန်များစွာ မန်းရှင်း (mention) အလုပ်ခံရမည် စသည့် လုပ်ရိုးလုပ်စဉ် ဖော်မျူလာအတိုင်းပင် လုပ်လေ့ရှိကြသည်။ ထို့နောက် ဤလှုပ်ရှားဆောင်ရွက်မှုသည် ထိရောက်ကြောင်း အကျိုးများစွာ ရှိကြောင်း အလှူရှင်များက နားလည်သဘောပေါက်လာစေရန် ၎င်းတို့ ဆက်လက်ကြိုးပမ်းကြပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ လက်ရှိနည်းလမ်းများတွင် အကန့်အသတ် ရှိပြီး လှုပ်ရှားမှုအများအပြားမှာ ဆွဲဆောင်မှုမရှိသလို အမြင်တိမ်ကာ ချဲ့ကားလွန်မှုအန္တရာယ် ကျရောက်နေကြောင်း လက်တွေ့သမားများက သိရှိ နားလည်လာကြသည်။ ထို့အတူ တစ်ခါလာ မဲပြာပုဆိုး ဆိုသလို ပြည်ပဖိအားပေးရန် ဖန်တစ်ရာ တေနေသော တောင်းဆိုမှုမျိုးသာ ငြီးငွေ့ဖွယ် ပြုလုပ်နေခြင်းကို ၎င်းတို့ မချင့်မရဲ ဖြစ်ကြရသည်။
ကျူးလွန်သော အပြစ်များကို ဖော်ထုတ်မှုနှင့် ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ရာတွင်လည်း တော်လှန်ရေး သမားများကို စာအုပ်ကြီးသမားများက အကာအကွယ်ပေးထားခြင်းကိုလည်း လက်တွေ့သမားများက မကျေမချမ်း ဖြစ်နေကြသည်။
အတွေးအခေါ် ဟောင်းနွမ်းနေသည့် မြန်မာ့တော်လှန်ရေးသည် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကဲ့သို့ အင်အားချိနဲ့လာသော ကမ္ဘာလုံးဆိုင်ရာစနစ်များအပေါ် မှီခိုလွန်းသလို ထိရောက်မှုရှိ/မရှိ မေးခွန်းထုတ်ချင်စရာ ကောင်းလှသည့် အနောက်နိုင်ငံ ပိတ်ဆို့အရေးယူမှုများကိုသာ တောင်းဆိုလျက် ရှိသည်။ မည်သည့်အခါမျှ အကောင်အထည်ဖော်လိမ့်မည် မဟုတ်သည်မှာ သေချာသည့် ကုလသမဂ္ဂ လက်နက်ရောင်းချမှု ပိတ်ပင်ရေးအပါအဝင် နိုင်ငံတကာ ဖိအားများ တိုးမြှင့် ချမှတ်ရန်ကိုလည်း ၎င်းတို့က တောင်းဆိုလေ့ရှိသည်။
လက်ရှိ နိုင်ငံတကာအခင်းအကျင်းသစ်တွင် အဆိုပါ တော်လှန်ရေးလက်နက်ဟောင်းများမှာ အလုပ်မဖြစ်တော့ပေ။ ကမ္ဘာ့အလယ် နာမည်ဆိုးတပ်ပြီး အရှက်ရအောင် ပြုလုပ်သော နည်းလမ်းသည် အရှက်တရားနည်းပါးသထက် နည်းပါးလာသော ဤကမ္ဘာတွင် တန်ဖိုးအားဖြင့် ယုတ်လျော့လာသည်။ အရေးပါသော လုပ်ငန်းများ လုပ်ဆောင်နေသည့် Justice For Myanmar နှင့် တိုင်းရင်းသားဒေသများရှိ ဒေသခံ လူ့အခွင့်အရေး အဖွဲ့ငယ်များ၏ တန်ဖိုးမဖြတ်နိုင်သော အခန်းကဏ္ဍကို အငြင်းပွားရန် မရှိပေ။ ၎င်းအဖွဲ့များကို အလွန် လိုအပ်သည်။ သို့ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အခြားအဖွဲ့များက ထုတ်ပြန်သော လူ့အခွင့်အရေး စာရွက်စာတမ်း၊ ထုတ်ပြန်ချက်အားလုံးသည် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ ပျောက်ရှနေသော ယနေ့ ကမ္ဘာကြီးတွင် အံဝင်ခွင်ကျမဖြစ် အဆီအငေါ် မတည့်သော အစီရင်ခံစာမျိုးသာ ဖြစ်လာနေကြသည်။
တော်လှန်ရေးကို ပြုပြင်ပြောင်းလဲရာတွင် ပြည်တွင်းချဉ်းကပ်ပုံနှင့် နိုင်ငံတကာ ချဉ်းကပ်ပုံဟူ၍ နှစ်မျိုး ရှိသည်။
ဖိနှိပ်မှုများ ပိုမိုကြီးထွားလာသည့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုများကို “တော်လှန်ရေးနယ်မြေအုပ်ချုပ်ရေး” နှင့် “လွတ်မြောက်ဇုန်” နှစ်ခုလုံး၌ စံပြအဖြစ် ဆောင်ရွက်သင့်သည်။ ပြည်ပတွင်သာမက၊ အွန်လိုင်းအခန်းကဏ္ဍ၌ပါ ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။ ထိတ်လန့်စရာများကို မှတ်တမ်းတင်ရုံသက်သက် မဟုတ်ဘဲ ဥပမာအားဖြင့် စစ်မှန်သော လူမှုရေးအပြောင်းအလဲ၊ ဥပဒေ ပြင်ဆင်ချက်နှင့် တရားမျှတသော လူ့အဖွဲ့အစည်းဆိုသည်မှာ စသောအမြင်များကို ဆွေးနွေးနိုင်သည်။
ဆွေးနွေးမှုများ၌ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အလုံးစုံ ပြင်ဆင်ရေး၊ လူမျိုး၊ ဘာသာ၊ လူတန်းစား ခွဲခြားဆက်ဆံမှုနှင့် ဖယ်ကျဥ်ထားမှုများ၊ ဗျူရိုကရေစီ အမွေဆိုး အကြမ်းဖက်မှုများဖြစ်သည့် မှတ်ပုံတင်နှင့် ပတ်စပို့ပါ အချက်အလက်များကို အခြေခံ၍ လူများကို ခွဲခြားဆက်ဆံသတ်မှတ်ခြင်း စသည့်ကိစ္စရပ်များသည် ပြုပြင်ပြောင်းလဲရမည့် အကြောင်းအရာများအဖြစ် ပါဝင်သင့်သည်။
အဆိုပါကိစ္စရပ်များတွင် Mosaic Myanmar ကဲ့သို့ အုပ်စုများက ဦးဆောင်နေကြသည်။ သို့သော် မြန်မာ့ အရေး လှုပ်ရှားသူများ ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာရမည် ဖြစ်သည်။ လှုပ်ရှားမှုအသစ်သည် စည်းကမ်းရှိရမည်ဖြစ်သလို လက်တွေ့ကျရမည်လည်း ဖြစ်ကာ လက်ရှိ မြန်မာ့အရေးလှုပ်ရှားမှုကို ဟန့်တား နှောင့်ယှက်နေသော ဒရမ်မာခင်း၍ ချဉ်းကပ်နည်းအများအပြားကိုလည်း ရှောင်ရှားကြရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းသာမက ပြည်ပရောက်အဖွဲ့များ၌ပါ တက်ကြွ၍ အားကောင်းသော အရပ်ဖက်အဖွဲ့များ ရှိသည်။ ဆိုးဝါးလွန်းသည့် အခြေအနေနှင့် စစ်တပ်၏ ပြင်းထန်သော အကြမ်းဖက်မှုများကြားက ၎င်းတို့သည် အပေါင်းလက္ခဏာ ရလဒ်များကို ဆွတ်ခူးနိုင်ကြသည်။ သို့သော် အဆိုပါအဖွဲ့များ၏ မဟာဗျူဟာကို လာမည့်နှစ်များအတွင်း တိုးတက်ပြုပြင်ပြောင်းလဲရန် လိုအပ်လာပြီဖြစ်သည်။
ကမ္ဘာ့ အာဏာရှင် အချိုးအကွေ့က နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုကို ကြီးစွာ ထိခိုက်စေခဲ့သည်။ ထိုသို့ ထိခိုက်ခဲ့ခြင်းကြောင့် နိုင်ငံတကာအဖွဲ့များနှင့် အဆက်အသွယ်ဖြတ်တောက်၍ လူ့အခွင့်အရေး ဥပဒေ၊ စာချုပ်များကို ဆန့်ကျင်ရမည်ဟု မဆိုလိုပေ။ သို့သော် ၎င်း ကမ္ဘာ့အခြေအနေများကြောင့် မြန်မာအဖွဲ့များအနေဖြင့် မိမိတို့၏ မိတ်ဖက်နယ်ပယ်ကို ချဲ့ထွင်ခြင်း၊ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ ကွန်ရက်အသစ်၊ မဟာမိတ်အဖွဲ့အသစ်များ ထူထောင်ခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်လာ သင့်သည်။ အနောက်နိုင်ငံအစိုးရများနှင့် လုံးဝ အဆက်အသွယ်ဖြတ်တောက်ကာ အကူအညီ တောင်းခံခြင်းများ လုံးဝ ရပ်တန့်ရန် မဟုတ်ဘဲ ‘ဖြစ်နိုင်၏၊ မဖြစ်နိုင်၏၊ အလုပ်ဖြစ်၏၊ မဖြစ်၏’ ကို လက်တွေ့ကျကျ လိမ္မာပါးနပ်စွာ ချဉ်းကပ်ကြရန် ဖြစ်သည်။
မြန်မာနှင့် ကမ္ဘာ့တောင်ခြမ်း (ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စု)အကြား နိုင်ငံတကာမဟာမိတ်များ အဘယ်ကြောင့် များများစားစား မရှိရသနည်း။ အဓိက အကြောင်းရင်းတစ်ခုမှာ လွန်ခဲ့သည့် နှစ် ၃၀ ကာလအတွင်း အနောက်အုပ်စုကိုသာ မြန်မာနိုင်ငံက အကူအညီအတွက် ပိုမို အားကိုးနေခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။
အရှေ့တောင်အာရှဒေသ၌ ကွန်ရက်များကို အတိုင်းအတာတစ်ခုအထိ ထူထောင်ထားပြီး ဖြစ်လင့်ကစား ပါလက်စတိုင်းအရေးအပေါ် ထောက်ခံမှု၊ အနောက်နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ဒုက္ခအတိ ပြီးခဲ့သော အီရတ်၊ အာဖဂန်နစ္စတန်နှင့် အခြားအလားတူ ကမ္ဘာ့အရေးများတွင် မြန်မာ့အရေး လှုပ်ရှားသူ များ၏ အသံကို မကြားရသလောက်ပင် ဖြစ်သည်။
ကမ္ဘာ့အရေး အများအပြားအတွက် နိုင်ငံတကာမဟာမိတ်များ၏ အသံမျိုးစုံကို နေရာအနှံ့ ကြားနေရသော်လည်း မြန်မာနိုင်ငံ၌မူ အဆိုပါအသံများမှာ ဆွံ့အနေခဲ့ရသည်။
သို့ရာတွင် ၎င်းအခြေအနေမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှ ထင်ရှားသော ခေတ်ပညာတတ်များ၊ တက်ကြွလှုပ်ရှားသူများက ပါလက်စတိုင်းတို့ဘက်မှ ရပ်တည်ကြောင်း ထုတ်ဖော်မှုများ ရှိလာသလို ဂါဇာ၌ ဖြစ်ပွားနေသော လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် ပြစ်တင်ရှုတ်ချမှုများလည်း ပိုမိုများပြားလာသည်။
မြန်မာ့တော်လှန်ရေးသည် ပါလက်စတိုင်းဘက်မှ ရပ်တည်မှု၊ ဖိလစ်ပိုင် လွတ်လပ်စွာ ပြောဆိုခွင့်လှုပ်ရှားသူများ၊ နီပေါ ကျောင်းသားများ၊ ဟောင်ကောင် ဆန္ဒပြသူများ၊ ဘင်္ဂလားဒေ့ရှ် လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ အင်ဒိုနီးရှား အလုပ်သမားအရေးဆန္ဒပြသူများ စသည့် ကမ္ဘာ့တစ်လွှား တော်လှန်ရေးများတွင် အာဏာမသိမ်းမီ အချိန်က တည်းက အထူးအလေးပေး၍ မိတ်ဖက်အဖွဲ့များ ဖွဲ့စည်းထားနိုင်ခဲ့ရမည် ဖြစ်သည်။ ခလုတ်ထိမှ အမိတ ဆိုသလို ကိုယ့်အရေးကြုံလာမှ လှမ်းပြီး မိတ်ဆက်ရမည့် သဘောမျိုး မဟုတ်ပေ။
ထိုင်းနိုင်ငံရှိ အလွန် အပြုသဘောဆန်သော ပညာရေးနှင့် အနုပညာအဖွဲ့များနှင့် မြန်မာတို့အကြား ဆက်သွယ်မှု အများအပြားရှိသည်။ သို့သော် မြန်မာ့တော်လှန်ရေးအင်အားစုများသည် လုံးဝ မတူညီသော ပဋိပက္ခများ ဖြစ်နေလင့်ကစား ဘုံရန်သူ ဖြစ်သော ရုရှားကို တိုက်ခိုက်နေခဲ့သည့် ယူကရိန်းနိုင်ငံနှင့် ချိတ်ဆက်နိုင်မည့် အခွင့်အရေးကို လွန်ခဲ့သော ၃ နှစ်အတွင်း တောက်လျှောက် လက်လွှတ်နေခဲ့ကြသည်။
ဤမိတ်ဖက် တော်လှန်ရေးအသစ်တွင် ကျောင်းသား၊ သမဂ္ဂ၊ ဘာသာရေးခေါင်းဆောင်၊ ပညာတတ်၊ လွတ်လပ်စွာ ပြောဆိုခွင့် လှုပ်ရှားသူ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ၊ ကျောင်းဆရာ၊ မူလ တိုင်းရင်းသားအခွင့်အရေး လှုပ်ရှားသူ စသည့် အလွှာပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ပုဂ္ဂိုလ်များ ပါဝင်လာ ရပေမည်။ အဆိုပါပုဂ္ဂိုလ်များမှတစ်ဆင့် လွတ်လပ်သော လူ့အဖွဲ့အစည်းကို ထောက်ပံ့ကူညီနေသည့် နိုင်ငံတကာနှင့် ချိတ်ဆက်မှုကို တိုးချဲ့ကာ ကမ္ဘာအနှံ့ အတိုက်အခံများကို နှိပ်ကွပ်ရန် ခေါင်းထောင်လာနေသည့် အာဏာရှင်စနစ်နှင့် သတင်းမှား ဖြန့်ချိမှုတို့ကို ပြန်လည် တွန်းလှန်ကြရမည် ဖြစ်သည်။
အသွင်သစ်တော်လှန်ရေးကို မည်သူက ဦးဆောင်မည်နည်း။ လူငယ်တို့ ဦးဆောင်သော တော်လှန်ရေးသာ ဖြစ်ရပေမည်။ လူငယ်ဆိုသည်မှာ ဂျင်နရေးရှင်း Z ကို မဆိုလို၊ အသက် ၅၀ အောက် မည်သူ့ကို မဆို လူငယ်ဟု ခေါ်ဆိုနိုင်သည်။ အန်ယူဂျီသည် အပြောင်းအလဲလုပ်ရန် အလွန်ခက်ခဲပြီး စိတ်ကူးစိတ်သန်း လည်း ကင်းမဲ့နေခဲ့သည်။
မိမိတို့၏ တော်လှန်ရေးသည် လူဟောင်း၊ အတွေးအခေါ်ဟောင်း၊ ဗျူဟာဟောင်းများ၏ အနုကြမ်းစီးမှုကို ခံခဲ့ရပြီဟု လူငယ်တော်လှန်ရေးသမား အများအပြား နားလည်ခံစားနေရသည်။ မသိကျိုးကျွန်ပြုတတ်သော တုဏှိဘာဝေ ကမ္ဘာကြီး၌ ဆက်လက်ရှင်သန်ဖို့ ဆိုလျှင် မဟာမိတ်သစ်များဖွဲ့ကာ အာဏာရှင်ကို ရင်ဆိုင်နိုင်ရမည်။ ထိုသို့ မဟာ မိတ်အဖွဲ့သစ်များ ဖွဲ့၍ အာဏာရှင်စနစ်ကို ရင်ဆိုင်ရာတွင် ဆန်းသစ်သော အတွေးအမြင်ရှိသည့် မျိုးဆက်သစ်များက ဦးဆောင်ကြရမည်လည်း ဖြစ်သည်။
ဒေးဗစ်စကော့မက်သီဆန် (David Scott Mathieson) သည် မြန်မာနိုင်ငံ၏ ပဋိပက္ခများ၊ လူသားချင်း စာနာမှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များကို လေ့လာပြုစုနေသော တစ်သီးပုဂ္ဂလ ဆန်းစစ်သူတစ်ဦး ဖြစ်သည်။