မလေးရှား၏ ထောက်ပံ့ရေးသင်္ဘောရောက်ရှိ၊ သံဃာနှင့် လူ ၆၀ ခန့် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များထံ ထောက်ပံ့ပေးရန် မလေးရှားနိုင်ငံအစိုးရ၏ အစီအစဉ်ဖြင့် စေလွှတ်လိုက်သော ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် နော်တီကယ်အာလီယာသင်္ဘော သည် ယနေ့ညနေက ရန်ကုန်သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည်။

သင်္ဘောမဆိုက်ရောက်မီ မွန်းလွဲပိုင်းကတည်းက သင်္ဘောဆိပ်ကမ်း၏ ပြင်ပတွင် ရဟန်းအပါး ၂၀ ခန့် ပါဝင်သော လူဦးရေ ၆၀ ခန့် ရောက်ရှိလာပြီး “ရိုဟင်ဂျာ မရှိပါ”ဟူသော ဆိုင်းဘုတ်များနှင့် သာသနာ့ အလံများ၊ နိုင်ငံတော်အလံများ ကိုင်ဆောင်၍ တိတ်တဆိတ် ဆန္ဒပြခဲ့ကြသည်။

အဆိုပါသင်္ဘောမစေလွှတ်မီကတည်းက ရခိုင်ပြည်နယ်မှ မူဆလင်များကို ဖိနှိပ်မှုများရှိနေသည်ဟူ သော စွပ်စွဲချက်ဖြင့် မလေးဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကိုယ်တိုင်ဦးဆောင်ကာ ကွာလာလမ်ပူမြို့၏ လမ်းပေါ်ထွက်ပြီး မြန်မာအစိုးရကို ဆန္ဒပြခဲ့သဖြင့် နှစ်နိုင်ငံအကြား သံခင်းတမန်ခင်း အနည်းငယ်တင်း မာခဲ့ရသည်။ ထို့ပြင် ယင်းကိစ္စပြီးနောက် သင်္ဘောဖြင့် ထောက်ပံ့ရေးပစ္စည်းများ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ တိုက်ရိုက် ပေးပို့မည်ဟု မလေးအစိုးရက ပြောကြားလာသဖြင့် တရားဝင် နည်းလမ်းဖြင့်သာ ပို့ဆောင်ရန် မြန်မာအစိုးရဘက်က တုန့်ပြန်အသိပေးခဲ့သည်။

ထို့ကြောင့် ယခုထောက်ပံ့ရေးသင်္ဘောသည် သာမန်အရှေ့တောင်အာရှနိုင်ငံချင်း မိတ်ဖြစ်ဆွေဖြစ် အကူအညီ အထောက်အပံ့ပြုသည့်သဘောထက် နိုင်ငံရေးသဘောကဲနေပြီး၊ မလေးရှားအစိုးရက ရခိုင်ပြည်နယ်မှ မူဆလင်လူထုကို “ရိုဟင်ဂျာ” ဟုသုံးစွဲမှုနှင့် ပတ်သက်၍လည်း ပြည်တွင်းမှ “ဘင်္ဂါလီ”ဟုသာ သုံးစွဲစေလိုသော လူအုပ်စု၏ ဆန့်ကျင်မှုပါ တပြိုင်နက်တည်း ဖြစ်ပွားနေခြင်းဖြစ်သည်။

မလေးရှားသင်္ဘောအား ကန့်ကွက်ဆန္ဒပြနေကြသူများ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မလေးရှားသင်္ဘောအား ကန့်ကွက်ဆန္ဒပြနေကြသူများ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

သင်္ဘောပေါ်ပါရှိသည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို မြန်မာအစိုးရဘက်မှ ကိုယ်စားပြု၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပြီး မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒါတိုစရီ ရီဇယ်လ်မာရီကန်ဘင် နိုင်နာမာရီကန်က ၎င်းတို့ နိုင်ငံ၏ အထောက်အပံ့ပစ္စည်းများကိုပေးခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းများပေးအပ်ပြီး နှစ်ဖက်နိုင်ငံကိုယ်စားလှယ်များ အပြန်အလှန် စကားပြောရာတွင်မူ မလေးရှား ဒုနိုင်ငံခြားရေးဝန်ကြီးက လုပ်ထုံးလုပ်နည်းအတိုင်း အခမ်းအနား စကားပြောကြားရာ၌ “ရိုဟင်ဂျာ”ဟူသော ဝေါဟာရမပါဝင်သော ကြိုတင်ပြင်ဆင်လာသည့် မိန့်ခွန်းကိုသာ ဖတ်ကြားခဲ့ပြီး ချစ်ကြည်ရေးစကားကိုသာ ဆိုခဲ့သည်။

ဒေါက်တာဝင်းမြတ်အေးကလည်း ထောက်ပံ့ရေးပစ္စည်းများအား မြန်မာအစိုးရ၏ အစီအစဉ်ဖြင့်ပင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ၎င်း၏ ကျေးဇူးတင်စကားမိန့်ခွန်းတွင် တစ်ပါတည်း ထည့်သွင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံနှင့် ပြည်သူလူထုက အခုလိုမလေးရှားအစိုးရက လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးအပ်တာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်သမျှအစောဆုံး ဒါတွေကို ဖြန့်ဝေသွားပါ မယ်”ဟု ဝန်ကြီးက ဆိုခဲ့သည်။

ဆိပ်ကမ်းဝင်းခြံပြင်ပတွင် ဆန္ဒပြနေသော လူအုပ်စုသည် မလေးရှားဒုနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာဝန်ကြီး ပြန်လည်ထွက်ခွာချိန်အထိ ဆက်လက်ဆန္ဒပြနေခဲ့ကြသေးသည်။

“ကျွန်တော်တို့က ထောက်ပံ့ရေးပစ္စည်းတွေ လာပို့တာကို ကန့်ကွက်တာ မဟုတ်ပါဘူး။ နောက်ကွယ်က နိုင်ငံရေးအမြတ်ထုတ်မှာကို စိုးလို့၊ ကျွန်တော်တို့နိုင်ငံမှာ မရှိတဲ့ ရိုဟင်ဂျာလူမျိုးကို အရှိလုပ်မှာစိုးလို့ ခုလိုလှုပ်ရှားမှုကို ဆောင်ရွက်တာပါ” ယင်းကိစ္စကိုဦးဆောင်သည့် မြန်မာအမျိုးသားရေး ကွန်ယက်မှ ကိုဝင်းကိုကိုလတ်ကပြောသည်။

လှုပ်ရှားမှုတွင်ပါဝင်သည့် သံဃာတော်တစ်ပါးဖြစ်သည့် ဦးသုစိတ္တကလည်း ယခုကိစ္စတွင် အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ရဟန်းသံဃာများပါဝင်ခြင်းဖြစ်သည်ဟု မိန့်သည်။