နေပြည်တော်၊ ဒီဇင်ဘာ ၇
အခြေအမြစ်မရှိသည့် သတင်းများအပေါ် အခြေခံလျက် အာဆီယံမိသားစုဝင် နိုင်ငံတစ်နိုင်ငံ၏ အစိုးရတစ်ရပ်အပေါ် ပြင်းထန်စွာ စွပ်စွဲပြောကြားမှုများ ပြုလုပ်ခဲ့သည့်အတွက် များစွာအံ့သြစိတ်ပျက်မိသည်ဟု မြန်မာအစိုးရက မလေးရှားအစိုးရကို ယနေ့ပြောကြားလိုက်သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr. Mohd Haniff Abd Rahman အား ယနေ့ဆင့်ခေါ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ကွာလာလန်ပူမြို့၌ လူထုဆန္ဒပြပွဲတစ်ခုကို ဒီဇင်ဘာ ၄ ရက်နေ့က ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာအစိုးရအပေါ် ပြင်းထန်စွာ စွပ်စွဲပြောဆိုခဲ့မှုများအတွက် မြန်မာအစိုးရက ထိုကဲ့သို့ တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင် အဆိုပါဒေသတွင်းနေထိုင်ကြသည့် ဘင်္ဂါလီများအပေါ် မတရား ဖိနှိပ်မှုများ၊ သတ်ဖြတ်မှုများနှင့် အဓမ္မပြုကျင့်မှုများ ရှိနေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားကြသည်။
မြန်မာအစိုးရက ရိုဟင်ဂျာဟု နိုင်ငံတကာက ခေါ်ဝေါ်ကြသည့် ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုများ၊ လူမျိုးစုသုတ်သင်ရှင်းလင်းမှုများ ရှိနေသည်ဟု ကုလသမဂ္ဂအရာရှိတစ်ဦး၏ ပြောကြားမှုကို ကိုးကားကာ နိုင်ငံတကာ သတင်းဌာနများက ရေးသားမှုများလည်း ရှိနေသည်။
မြန်မာအစိုးရကမူ အဆိုပါ စွပ်စွဲချက်များအားလုံးကို ငြင်းဆိုထားပြီး နယ်ခြားစောင့်ရဲစခန်းများအား အောက်တိုဘာလအတွင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေခြင်းသာဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။ ထို့သို့ဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိသလို အင်အားကိုလည်း လိုအပ်သလောက်သာ အသုံးပြုနေသည်ဟု တပ်မတော်က ပြောကြားထားသည်။
မြန်မာအစိုးရက ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုများ၊ လူမျိုးစုသုတ်သင်ရှင်းလင်းမှုများ ရှိနေသည်ဟုဆိုကာ မြန်မာအစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မလေးရှားဝန်ကြီးချုပ်က ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက် ပြောကြားခဲ့သည်။
“လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူမျိုးစု သုတ်သင်ရှင်းလင်းမှု” ဟူသည့် စွပ်စွဲချက်များမှာ မဟုတ်မမှန် စွပ်စွဲချက်များ ဖြစ်သည်ဟု မြန်မာအစိုးရက ကန့်ကွက်လိုက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ စွပ်စွဲပြောဆိုချက်များသည် မြေပြင်ပေါ်ရှိ ပကတိအခြေအနေများနှင့် လုံးဝကိုက်ညီမှု မရှိကြောင်းနှင့် ထိုသို့ တာဝန်မဲ့ပြောကြားမှုက လူ့အသိုက်အဝန်းနှစ်ခုအကြား ကွဲပြားမှုများကို ပိုမိုကြီးမားလာစေနိုင်ပြီး အစွန်းရောက်အကြမ်းဖက်ဝါဒကို နှိုးဆွပေးသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်ဟု ဒုဝန်ကြီး ဦးကျော်တင်က မလေးရှားသံအမတ်ကြီးကို ပြောကြားခဲ့သည့်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံအပေါ် အဖွဲ့အစည်းအချို့က ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်ဆောင်ရွက် နေသည့် မဟုတ်မမှန် သတင်းများဖြင့် ဝါဒဖြန့်မှုများကြောင့် နားလည်မှု လွဲမှားခြင်းမျိုး မဖြစ်ရန် လိုအပ်သည်ဟုလည်း ဦးကျော်တင်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်မှုကို ရပ်ဆိုင်းထားမည်ဟုလည်း မြန်မာအစိုးရက ဒီဇင်ဘာ ၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။