“မလုပ်၊ မရှုပ်၊ မပြုတ်”များအတွက်နေရာမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်သတိပေး

နေပြည်တော်၊ ဇူလိုင် ၁၀

ဒီမိုကရေစီစနစ်မှာ “မလုပ်၊ မရှုပ်၊ မပြုတ်”အတွေးအခေါ်အတွက်နေရာမရှိနိုင်ပါဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သတိပေးလိုက်ပါတယ်။

“ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရအပေါ်မှာ တာဝန်ခံရမှာပါ။ အစိုးရရဲ့ လုပ်ငန်းအစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ သမာသမတ်ရှိရှိ၊ လုပ်ငန်းတာဝန်သိသိ၊ အသိဉာဏ်ပါပါ၊ နိုးနိုးကြားကြား၊ တက်တက်ကြွကြွ ဆောင်ရွက်ပေးကြရပါမယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောလိုက်ပါသေးတယ်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ (၂)မှာ ယနေ့ နံနက်ပိုင်းက ပြုလုပ်တဲ့ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) ထုတ်ပြန်တဲ့အခမ်းအနားရဲ့ အဖွင့်မိန့်ခွန်းမှာ သူက အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီစီမံချက်ကို ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)ရဲ့ နည်းပညာပံ့ပိုးကူညီမှုနဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဦးဆောင်ပြုစု ရေးဆွဲထားတာဖြစ်ပါတယ်။ ရာထူးဝန်အဖွဲ့ရဲ့ အဆိုအရ ဒီစီမံချက်မှာ ၂၀၁၆ ခုနှစ်၊ သြဂုတ်ကနေ ၂၀၁၇ ခုနှစ်၊ မေလအထိပြုလုပ်ခဲ့တဲ့ အကြံပြု ဆွေးနွေးပွဲအမျိုးမျိုးအပြင် အဖွဲ့ရဲ့ အင်တာနက်နဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ မီဒီယာဆက်သွယ်ရေး လမ်းကြောင်းတွေကလည်း ပြည်သူတွေရဲ့ အကြံပြုချက်များ ဖိတ်ခေါ်ရယူထားတယ်လို့ သိရပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းကလည်း “ပြည်သူလူထုပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ခြင်းနဲ့ ပြည်သူလူထု ယုံကြည်မှုကို ပိုမိုအားကောင်းစေမယ့် ကျင့်ဝတ်သိက္ခာနဲ့ ညီသော၊ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုကို အခြေခံသော၊ အားလုံးပါဝင်ကာ မဆိုင်းမတွ တုံ့ပြန် ဖြည့်ဆည်းပေးသော နိုင်ငံ့ဝန်ထမ်းကဏ္ဍ ပေါ်ထွန်းလာဖို့ အားလုံးလက်တွဲ ဆောင်ရွက်ကြရပါမယ်”လို့ ယနေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

UNDP ရဲ့ ဌာနေ ညွှန်ကြားရေးမှူး မစ္စတာ ပီတာဘတ်ချ်လာက ပြီးခဲ့တဲ့ တစ်နှစ်အတွင်း နိုင်ငံ့ဝန်ထမ်း ကဏ္ဍမှာ မျှော်လင့်ချက်တွေ အလွန်မြင့်မားခဲ့ပြီး ဒါတွေပြည့်မြောက်ဖို့ သူတို့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ထုတ်ဖော် အသိပေးကြတဲ့ နိုင်ငံဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောပါတယ်။

ဒါ့အပြင် “မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာတာကို မြင်ချင်တယ်ဆိုရင် အားလုံးပါဝင်နိုင်မှုနဲ့ ကိုယ်စားပြုမှုပိုမိုရှိတဲ့ နိုင်ငံ့ဝန်ထမ်းကဏ္ဍ ဖြစ်လာစေခြင်းအပါအဝင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အပြင်းအထန် ကြိုးပမ်းအားထုတ်ရမှာဖြစ်တယ်”လို့ သူက ပြောလိုက်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖက်ဒရယ်အစိုးရပေါ်ပေါက်လာရင် ကြုံတွေ့လာနိုင်တဲ့ ပြောင်းလဲမှု၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုနေပြီလို့ ထောက်ပြခဲ့ပါတယ်။ ဒါကြောင့် ပြည်သူ့ဝန်ထမ်းတွေမှာ ဉာဏ်ပညာ ထက်မြက်မှု၊ စီမံခန့်ခွဲမှု၊ ပေါင်းစပ်ညှိနှိုင်း၊ စီမံဆောင်ရွက်မှုစတဲ့ အရည်အချင်းတွေ မြှင့်တင်နိုင်ဖို့ တိုက်တွန်းနေရတာပါလို့ သူက ဆက်လက် ပြောကြားပါတယ်။

အစိုးရဝန်ထမ်းတွေ အဓိကကြုံတွေ့နေရတဲ့ ပြဿနာဖြစ်တဲ့ လုပ်ခလစာနဲ့ ပတ်သက်ပြီးတော့လည်း ဂရုတစ်စိုက် စောင့်ရှောက်ပေးရမယ့် တာဝန်ရှိတယ်ဆိုတာ သိနားလည်ထားတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။

“ဒီပြဿနာကို ချက်ခြင်း ဖြေရှင်းပေးနိုင်မယ့်နည်း မရှိသေးပါဘူး။ လုပ်ခလစာ တိုးမြှင့်ပေးတဲ့အခါမှာ လေးလေးနက်နက် စဉ်းစားသုံးသပ်ပြီး ရေရှည်တည်တန့်အောင် ဖြည်းဖြည်းချင်း တိုးမြှင့်ပေးရမှာဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေငွေစာရင်းနဲ့ အညီဆောင်ရွက်ရပါတယ်”လို့ နိုင်ငံတော်အတိုင်ပင်ခံက ရှင်းပြပါတယ်။ ဒါပေမယ့် ပြည်သူ့ဝန်ထမ်းတွေကို အခြားသောနည်းလမ်းတွေနဲ့ ပံ့ပိုးသွားမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်ခွင် ဖန်တီးပြီး မိသားစုဝင်တွေအတွက် နေမှုထိုင်မှု အခြေအနေတွေပိုပြီးကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပြုခဲ့ပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ မဟာဗျူဟာစီမံချက်မှာ နိုင်ငံ့ဝန်ထမ်းအုပ်ချုပ်မှုပုံစံသစ်၊ အရည်အချင်းကို အခြေခံ၍ စွမ်းဆောင်မှုရှိမှုကို အားပေးသော အလေ့အထနှင့် စနစ်များ၊ ခေါင်းဆောင်မှုပေးနိုင်သည့် အရည်အသွေးများနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု/တာဝန်ယူမှုဆိုင်ရာ အစီအမံတွေ ပါဝင်ပါတယ်။ စီံမံချက်ထုတ်ပြန်ခြင်းနှင့်အတူ ဇူလိုင် ၁၂ ရက်အထိပြုလုပ်မယ့် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွစွာဖြင့် ဝန်ဆောင်မှု ပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်း အသိပညာမျှဝေမှုဖိုရမ်ကိုလည်း တစ်ပါတည်း ကျင်းပနေတာဖြစ်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar