မလတ်တောင် ထပ်မပြိုတော့ဟု ပညာရှင်များသုံးသပ်

နော်ဘတ်တီဟန်

မလတ်တောင် မြေသားထပ်မံပြိုကျနိုင်ခြေမရှိတော့ကြောင်း ပညာရှင်အဖွဲ့က ပြောကြားလိုက်ပြီး စစ်ဆေးထားသည့် အစီရင်ခံစာအပြည့်အစုံကို သြဂုတ်လ ၁၅ရက်(မနက်ဖြန်)တွင် တင်သွင်းမည်ဖြစ်သည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်တွင် မြေသားပြိုကျခဲ့သည့်နေရာ အပါအဝင် စုစုပေါင်း ၆ နေရာကို ဘူမိဗေဒပညာရှင်အဖွဲ့များက သြဂုတ်လ ၁၃ရက်က စတင်စစ်ဆေးတိုင်းတာခဲ့ကြသည်။

သွားရောက်စစ်ဆေးသည့် ပညာရှင်အဖွဲ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ သြဂုတ်လ ၁၄ရက်မနက်ပိုင်းတွင် ကနဦးတင်ပြခဲ့ခြင်းဖြစ်ကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက အတည်ပြုသည်။

“အဖွဲ့က တင်ပြထားတာကတော့ တောင်နံရံထပ်ပြိုမယ့်အနေအထားမရှိတော့ဘူးလို့သိရတယ်”ဟု သူကပြောသည်။

တိုင်းတာစစ်ဆေးခဲ့သည့် ပညာရှင်အဖွဲ့တွင် စိုက်၊ မွေး၊ဆည် ဝန်ကြီးဌာနမှ ပညာရှင်များသာမက မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်အသင်းမှ ပညာရှင်အချို့လည်း ပါဝင်သည်။

“ပညာရှင်အဖွဲ့တွေကတော့ တိုင်းတာရေးကိရိယာအစုံအလင်နဲ့ အဖွဲ့အလိုက် တိုင်းတာ တာကိုတွေ့ရတယ်။ ထပ်ပြိုနိုင်ခြေရှိသေးလား၊ ပြိုနေတဲ့ နေရာတွေနဲ့ ဆက်စပ်နေတဲ့နေရာတွေကို ထပ်မပြိုကျအောင် ဘယ်လိုရှင်းလင်းဖယ်ရှားမလဲဆိုတာတွေ ညွှန်ကြားနေတာမျိုးတွေ့ရတယ်”ဟု ပေါင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဇော်မိုးအောင်က သြဂုတ်လ ၁၃ရက်ကပြောသည်။

မလတ်တောင် တောင်သားနံရံပြိုကျသည့်နေရာတွင် မီးသတ်အဖွဲ့ဝင် ၁၅၀ကျော်၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်အချို့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ကြက်ခြေနီအင်အား စုစုပေါင်း ၅၀၀ ခန့်ဖြင့် ရှာဖွေကယ်ဆယ်လျက်ရှိသည်။

“အခုထိတော့ ၇၄ဦး သေဆုံးထားတယ်။ ထပ်ရှာနေတုန်းပဲ။ ဘယ်တော့ရပ်မလဲဆိုတာတော့ အတိအကျမသိသေးပါဘူး”ဟု ဦးဇော်မိုးအောင်ကပြောသည်။

လတ်တလော ပြိုကျမှု ဖြစ်ပွားခဲ့သည့် မလတ်တောင်သည် သထုံမြို့နယ်မှ ပေါင်မြို့နယ်အထိ ဆက်စပ်ရှိနေသည့် ကုလားမတောင်ကြောတွင်ရှိပြီး ရွာအများစုသည် တောင်ခြေတွင် တည်ထားလေ့ရှိသည်။

ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက တောင်၏ အောင်ခြေဘက်ကို မြေနေရာတိုးချဲ့ရန် တူးဆွခြင်း၊ တောင်နံရံကို ဖြိုကာမြေသားဖဲ့ရောင်းခြင်းများက တောင်ပြိုကျစေသည့် အခြေခံအကြောင်းအရင်းများဖြစ်ကြောင်း သုံးသပ်သည်။

“အခုဖြစ်သွားတဲ့ မလတ်တောင်က မြေသားအခြေအနေက ပျော့ပြောင်းတော့ မိုးလည်းကြီးရော မြေပြိုတာက နောက်ဆက်တွဲဖြစ်လာရော။”ဟု မိကွန်ချမ်းကပြောသည်။

လတ်တလောတွင် မလတ်တောင်နှင့် အနီးအနားမှ ပြောင်းရွှေ့နေထိုင်ရန် မွန်ပြည်နယ်အစိုးရ အဖွဲ့က သတိပေးလုပ်ဆောင်လျက်ရှိသည်။

သြဂုတ်လ ၁၃ရက်ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြေပြိုမှုနှင့်ပတ်သက်ပြီး ပညာရှင်များ၏အစီရင်ခံစာအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာမတိုင်မီတွင် အန္တရာယ်ဇုန်အဖြစ် ကြေညာဦးမည် မဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောခဲ့သည်။

“လောလောဆယ် ရှင်းလင်းရေးကိစ္စတွေလုပ်နေတယ်။ ပညာရှင်တွေရဲ့အဖြေနဲ့ ဒီနေရာမှာ နေသင့်မသင့်ဆုံးဖြတ်မယ်။ ပြန်လည်နေရာချထားရေးတွေ ဆက်လုပ်မယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

တောင်မြေသားပြိုကျမှုအခြေအနေတွင် လွတ်မြောက်ခဲ့သည့် ဦးခင်မောင်ဝင်းကမူ သဘာဝအခြေအနေဆိုးကို ကြုံတွေ့ခဲ့ရသဖြင့် ယခင်နေရာတွင် ဆက်လက်မနေထိုင်ရဲတော့ကြောင်း၊ ပြည်နယ်အစိုးရ၏ အစီအမံကို မျှော်လင့်နေကြောင်း ပြောသည်။

“အိမ်တော့ ကံကောင်းလို့ မထိခဲ့ပေမဲ့ အိမ်နီးနားချင်းတွေ အကုန်သေကုန်တော့ ဒီမှာဆက်နေဖို့ စိတ်လည်းမချမ်းသာဘူး၊ မြေထပ်ပြိုမှာကြောက်လို့ ထပ်လည်းမနေရဲတော့ဘူး”ဟုပြောသည်။

မွန်ပြည်နယ်တွင် သြဂုတ်လ ၈ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် မြေပြိုမှုများလည်းရှိခဲ့သည်။ သြဂုတ်လ ၁၄ရက်မနက်ပိုင်း စာရင်းအရ မွန်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် ရေဘေးသင့်ပြည်သူ ကိုးသောင်းကျော်ရှိနေပြီ ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar