မယုံနိုင်လောက်အောင် ရက်စက်မှု ကျူးလွန်ခဲ့မှုများအကြောင်း နားထောင်ခဲ့ရဟု ကုလအတွင်းရေးမှူးချုပ်ပြော

အေအက်ဖ်ပီ

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ ဇူလိုင် ၂ ရက်နေ့က သွားရောက်ကြည့်ရှုစဉ် မယုံနိုင်လောက် ကျူးလွန်ခဲ့သည့် ရက်စက်မှုများအကြောင်းကို နားထောင်ခဲ့ရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတာရက်က ပြောကြားခဲ့ပြီး ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် မြန်မာနိုင်ငံက တာဝန်ယူရန်လည်း တောင်းဆိုခဲ့သည်။

နှိပ်စက်ခံရသည့် မူဆလင်လူနည်းစုအခြေအနေကို လူသားချင်းစာနာမှုနှင့် လူအခွင့်အရေး အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် ဂူးတားရက်စ်က ပြောကြားခဲ့သည်။ ထို့နောက် ဂူတာရက်စ်သည် ပြီးခဲ့သည့်နှစ်က မြန်မာစစ်တပ်၏ စစ်ဆင်ရေးကြောင့် ထွက်ပြေးလာသည့် လူများနှင့် ပြည့်ကျပ်နေသည့် ယာယီတဲများဆီသို့ လှည့်လည်ကြည့်ရှုခဲ့သည်။ မြန်မာစစ်တပ်၏ စစ်ဆင်ရေးမှာ လူမျိုးစုရှင်းလင်းရေး ပြုလုပ်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။ ကုလသမဂ္ဂ အကြီးအကဲသည် ပြည်ကျပ်နေသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများထံမှ မုဒိမ်းမှု၊ အကြမ်းဖက်မှုများ ကျူးလွန်ခံခဲ့ရသည့်အကြောင်းများအား နာကျင်ကြေကွဲစွာ ထွက်ဆိုခဲ့ကြသည်ကို ကြားသိခဲ့ရသည်။ မြန်မာနိုင်ငံတွင် အစဉ်အဆက်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရိုဟင်ဂျာအများစုပါဝင်သည့် လူတစ်သန်းနီးပါးမှာ ဘင်္ဂလားဒေ့ရှ်ရှိ ပြည့်ကျပ်နေသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။

“ဒါဟာ ကြေကွဲဖွယ်အကောင်းဆုံး သမိုင်းဝင် စနစ်တကျ လူအခွင့်အရေးချိုးဖောက်မှုတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ဂူတာရက်စ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကူတူပါလောင်တွင် သတင်းထောက်များကို ပြောကြားသည်။ “တစ်ခါတစ်ရံမှာ လူတွေဟာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကို မေ့လျော့တတ်တယ်။ ဒါကြောင့် တာဝန်ရှိတဲ့နေရာက ဘယ်မှာလဲဆိုတာ ရှင်းရှင်းလင်းလင်းပြောရရင် အဲဒါက မြန်မာနိုင်ငံမှာ ရှိတယ်။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးလည်း ဒါကိုမရပ်တန့်နိုင်ခဲ့ဘူးဆိုတာကတော့ အမှန်ပါပဲ။ မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် တာဝန်ရှိသူတွေဟာ အဲဒီပြစ်မှုတွေကို ကျူးလွန်တဲ့သူတွေလို့ မှတ်ယူဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာအများစုဖြစ်သည့် လူ ၇ဝဝ,ဝဝဝ ခန့်မှာ တိုက်ခိုက်မှုများမှ လွတ်မြောက်ရန် ပြီးခဲ့သည့် သြဂုတ်လက နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသူများ ဖြစ်သည်။ ရိုဟင်ဂျာများက ရခိုင်ပြည်နယ်ကို ၎င်းတို့၏ ဇာတိမြေဟု ခေါ်ဆိုနေသော်လည်း မြန်မာနိုင်ငံရှိ လူအများကမူ ၎င်းတို့ကို စက်ဆုပ်နေပြီး ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ရွှေ့ပြောင်းလာသူများဖြစ်သည်ဆိုကာ နိုင်ငံသားဖြစ်ခွင့် ပေးမထားပေ။

ဂူတာရက်စ်နှင့်အတူ ကမ္ဘာ့ဘဏ်အကြီးအကဲ မစ္စတာဂျင်ယောင်ကင်လည်း လိုက်ပါလာခဲ့သည်။ ကုလသမဂ္ဂ အကြီးအကဲ တစ်ယောက်အနေဖြင့် ပထမဆုံးအကြိမ် ရိုဟင်ဂျာစခန်းများသို့ သွားရောက်စဉ်အတွင်း မျှော်မှန်းမထားနိုင်လောက်သည့် သတ်ဖြတ်မုဒိမ်းကျင့်မှုများအကြောင်း ကြားခဲ့ရသည်ဟု ဂူတာရက်စ်ကဆိုသည်။

“အကျပ်အတည်းရဲ့ ပမာဏ၊ ဒီနေ့ ကျွန်တော် တွေ့ခဲ့ရတဲ့ ဒုက္ခအတိုင်းအတာက ဒီလောက်ကြီးလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး” ဟု ဂူးတာရက်စ်က တွစ်တာတွင် ရေးသားထားသည်။ “ရိုဟင်ဂျာဒုက္ခသည်တွေဆီက ကြားခဲ့ရတဲ့ ကြေကွဲဖွယ် အကြောင်းအရာတွေကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး” ဟု ၎င်းကဆိုသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်တို့သို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် ဒုက္ခသည်များက စစ်တပ်လက်အောက်တွင် မုဒိမ်းကျင့်မှု၊ သတ်ဖြစ်မှုများနှင့် ကျေးရွာများအား မီးရှို့မှုများအကြောင်း အသေးစိတ်ပြောကြားခဲ့ကြသည်။

လူမျိုးရေးသန့်စင်မှုပြုလုပ်သည်ဟု အမေရိကန်၊ ကုလသမဂ္ဂနှင့် အခြားသူများ၏ စွပ်စွဲချက်များကို မြန်မာနိုင်ငံက ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။ ရိုဟင်ဂျာများ ပြန်ပို့ရေး စတင်ရန် နိုဝင်ဘာလက ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ သဘောတူညီခဲ့သော်လည်း လုပ်ငန်းစဉ်မှာ ရပ်တန့်နေသည်။ လုပ်ငန်းများကြန့်ကြာအောင် နှောင့်ယှက်နေသည်ဟုလည်း နှစ်ဖက် အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

လူ ၂ဝဝ ထက်မပိုသော သူများသာ ပြန်လည်အခြေချခဲ့ပြီး အများစုကမူ ၎င်းတို့၏ အခွင့်အရေး၊ နိုင်ငံသားဖြစ်မှုနှင့် အန္တရာယ်ကင်းရှင်းမှုကို အာမမခံမချင်း ပြန်လာရေးကို စဉ်းစားရန် ငြင်းဆိုလျက်ရှိသည်။ ရိုဟင်ဂျာများ အိမ်ပြန်နိုင်ရေးအတွက် မြေပြင်အခြေအနေများကို အကဲဖြတ်ရန် မြန်မာနှင့် ကုလသမဂ္ဂတို့အကြား ကနဦး သဘောတူညီချက်ကို မကျေနပ်သော ရိုဟင်ဂျာ ၁ဝဝ ခန့်က ဂူတာရက်စ်မလာမီ အချိန်ကလေးတွင် ဆန္ဒပြခဲ့ကြသည်။

ကုလသမဂ္ဂ သဘောတူညီချက်တွင် အမည်အားဖြင့် ရိုဟင်ဂျာဟု မရည်ညွှန်းသည့်အတွက် စိုးရိမ်ကြောင်း ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟီဘူလာက ဂူတာရက်စ်ကို ပြောသည်။

ကနဦးသဘောတူညီချက်မှာ ရိုဟင်ဂျာတို့၏ အခွင့်အရေးများ တိုးတက် အသိအမှတ်ပြုမှုရရှိရေးအတွက် ပထမအဆင့်သာဖြစ်သည်ဟု ဂူတာရက်စ်က ပြောသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar