မဘသ၏ တောင်းဆိုချက်အပေါ် NLD က တုံ့ပြန်မည်မဟုတ်

မဘသအဖွဲ့ရှိရန် မလိုအပ်တော့ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အစိုးရက တာဝန်ယူ ဖြေရှင်းပေးရန် အမျိုးဘာသာသာသနာစောင့်ရှောက်အရေးအဖွဲ့ (မဘသ)က ယမန်နေ့က တောင်းဆိုထားသော်လည်း တုံ့ပြန်ရန် အကြောင်းမရှိဟု NLD ဗဟိုအလုပ် အမှုဆောင် ဦးဝင်းထိန်က Frontier ကို ဇူလိုင် ၈ ရက်နေ့က ပြောသည်။

“အခြေခံဥပဒေမှာလည်း ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားတယ်။ NLD ပါတီကလည်း ဒီလိုမူဝါဒရှိတယ်။ ဒါကြောင့်မို့လို့ မဘသရဲ့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိဘူး” ဟု ၎င်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရ NLD ပါတီက ခန့်အပ်ထားသော ပါတီဝင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သွားရောက်ခဲ့သည့် စင်ကာပူနိုင်ငံခရီးစဉ်အတွင်းနှင့် ဇူလိုင် ၇ ရက်နေ့က ပြန်လာပြီး ရန်ကုန်လေဆိပ်တို့တွင် မဘသအဖွဲ့ မလိုအပ်တော့ဟု ပြောဆိုခြင်းအပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုကိစ္စနှင့် စပ်လျဉ်း၍ တုံ့ပြန်ရန် ဇူလိုင် ၇ ရက်နေ့က ရန်ကုန်မြို့တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြပြီးနောက် ဇူလိုင် ၁၄ ရက်နောက်ဆုံးထား၍ တာဝန်ယူဖြေရှင်းပေးရန် မဘသ ဦးဆောင်ဆရာတော်တို့က တောင်းဆိုထားခြင်းဖြစ်သည်။ သတ်မှတ်ရက်အတွင်း နိုင်ငံတော်က တာဝန်ယူ ဖြေရှင်းပေးမှု မရှိပါက တစ်နိုင်ငံလုံးတွင် ကန့်ကွက်ဆန္ဒပြပွဲများကို မဘသက ဦးဆောင် ပြုလုပ်သွားမည်ဟု မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူက အရေးပေါ်အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားသည်။

ထို့ပြင် Right to Recall အရ ဦးဖြိုးမင်းသိန်း၏ မဲဆန္ဒနယ်မှ မဘသအဖွဲ့ဝင်များက ဦးဖြိုးမင်းသိန်းအား တာဝန်မှ ပြန်လည် ရုပ်သိမ်းနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဟု ဦးဝီရသူက သတင်းစာရှင်းလင်းပွဲတွင် Frontier ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။ လက်တွေ့အခြေအနေတွင်မူ အဆိုပါ ဥပဒေမှာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုရခြင်းမရှိသေးသဖြင့် အသက်မဝင်သေးပေ။

ဦးဝင်းထိန်ကမူ “ကျန်တာကတော့ သူတို့သဘောပါ။ ဥပဒေအတိုင်းလုပ်ရင်တော့ ဥပဒေအတိုင်းဖြစ်မှာပဲ။ ဥပဒေအတိုင်းမလုပ်ရင် ဒေသအာဏာပိုင်တွေက သူ့ဖာသာသူ ထိန်းကျောင်းလိမ့်မယ်” ဟု ပြောသည်။ ထို့ပြင် NLD အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်နေရာတွင် ကြီးသည့် အမှုငယ်အောင်၊ ငယ်သည့် အမှုပပျောက်အောင် လုပ်နေသည်ဟုလည်း ၎င်းက အသိပေးသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း နိုင်ငံရပ်ခြားမှ သတင်းရင်းမြစ်များ၏ အဆိုအရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့အစည်းရှိပြီးဖြစ်သဖြင့် မဘသအဖွဲ့ရှိရန် မလိုအပ်ဟူသော သဘောမျိုးကို စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

မဘသကမူ အဖွဲ့သည် ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့သည့် ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ပေါက်ပွားခဲ့ခြင်းဖြစ်ကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)၏ သံဃနာယက လက်စွဲပါ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်လည်း ညီညွတ်သည့် အဖွဲ့အစည်းဖြစ်သည်ဟုဆိုသည်။ ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကဏ္ဍပါ အသင်းအဖွဲ့ သို့မဟုတ်၊ အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် ဥပဒေနှင့်လည်း ညီညွတ်သလို အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်လည်း ညီညွတ်သည့် အဖွဲ့အစည်းကြီးဖြစ်သည်ဟု ယမန်နေ့က ဖော်ပြထားသည်။

သို့သော် NLD ၏ ဗဟိုအလုပ်အမှုဆောင် နောက်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ၎င်း၏ ပုဂ္ဂိုလ်ရေးမှတ်ချက်အား Frontier သို့ပြောရာတွင် “ မဘသအဖွဲ့က ဘာသာရေး အတွက်လား၊ လူမှုရေးအတွက်လား၊ နိုင်ငံရေးအတွက်လားဆိုတာ မသဲကွဲဘူး” ဟု ပြောကြားခဲ့သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar