မန္တလေးတွင် ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ ယခုနှစ်အတွင်း အများဆုံး ဖမ်းဆီးရရှိမှုဖြစ်

မန္ဆလေးတွင် ဖမ်းဆိးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် တရားခံများ။ ဓာတ်ပုံ- ရဲတပ်ဖွဲ့ရန်ကုန်၊ မတ် ၇

မန္ဆလေးတွင် ဖမ်းဆိးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် တရားခံများ။ ဓာတ်ပုံ- ရဲတပ်ဖွဲ့

မန္တလေးမြို့တွင် မတ် ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများသည် ယခုနှစ်အတွင်း အများဆုံး ဖမ်းဆီးရမိမှုဖြစ်သည်ဟု နေပြည်တော်ရှိ မူးယစ်တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁) ရပ်ကွက် (ဇ)ရပ်၊ (၆၁) လမ်း၊ စံပြလမ်းနှင့် မင်္ဂလာလမ်းကြား အမှတ်(နန-၉/၁၈)တွင် ခြံဝင်းအတွင်း မြေပြင်ပေါ်တွင်ချထားသော ကွန်တိန်နာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၇ ဒသမ ဝ၇၈ သိန်း၊ အိုက်စ် ၈၂ ကီလို၊ ဘိန်းဆီခဲ ၁၅ ကီလို၊ ဘိန်းဖြူ ၂၄ ဒသမ ၃၇ ကီလိုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတု ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က မတ် ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများမှာ ကျပ် ၃၇ ဘီလျံ (ဒေါ်လာသန်း ၃၀)ခန့် တန်ဖိုးရှိသည်ဟု မူးယစ်တပ်ဖွဲ့မှ ရဲအရာရှိ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီက မတ် ၆ ရက်နေ့က ရေးသားထားသည်။

“ဒါဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ အများဆုံး ဖမ်းဆီးရမိမှု ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ကျော်သူမင်း(၂၇)နှစ်၊ အောင်နိုင် (၂၈) နှစ်နှင့် ဖိုးချမ်း(၂၅) နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် အဆိုပါအိမ်ကို ငှားရမ်းနေထိုင်သူ ကွတ်ခိုင်မြို့မှ ကျော်ကျော်(ခ) လျိုဇီရှောင်(ခ) အိုက်ပေါင် (၃၉)နှစ်ကိုမူ ဖမ်းဆီးရမိခြင်းမရှိသေးဟု ဖော်ပြထားသည်။

မတ် ၃ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် ဗဟိုလမ်း၊ မုဒိတာအိမ်ရာတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ကွင်းဆက်ဖော်ထုတ်ရာမှ မန္တလေးမြို့တွင် ဆက်လက်ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုဒိတာအိမ်ရာတွင် တရားခံခြောက်ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၄ သိန်း၊ အိုက်စ် ၄၄ ဂရမ်၊ ဘိန်းမည်း ၅၂ ဂရမ်၊ မြန်မာငွေကျပ် သိန်း ၁ဝဝ၊ မော်တော်ယာဉ်နှစ်စီးနှင့် လက်ကိုင်ဖုန်း ခြောက်လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

“မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတွေ များပြားလာပြီး တစ်နိုင်ငံလုံး ပြန့်နှံ့နေတာက အတော်ကြောက်စရာ ကောင်းပါတယ်” ဟု နေပြည်တော်မှ အဆင့်မြင့် ထောက်လှမ်းရေးအရာရှိကြီးတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယမြောက် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ ထို့ပြင် ဓာတုပစ္စည်းများဖြင့် အလွယ်တကူ ထုတ်လုပ်နိုင်သည့် စိတ်ကြွဆေးထုတ်လုပ်မှုလည်း များပြားလာပြီး ပြီးခဲ့သည့်လများအတွင်း စိတ်ကြွဆေးပြား အမြောက်အမြား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပျဉ်းမပင် ကျေးရွာအုပ်စု ရန်ကုန် – ပြည်လမ်း ရေစင်ကားမှတ်တိုင် အမှိုက်ပုံအနီးတွင် စိတ်ကြွဆေးပြား နှစ်သိန်း ခြောက်သောင်းကျော် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့က ကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများကို တာမွေမြို့နယ်တွင် ဆက်လက် ဖမ်းမိခဲ့သလို အဆိုပါနေ့တွင်ပင် တာမွေမြို့နယ်၌ ကျပ်သိန်း၂၄,၈ဝဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း မြေသယ်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ကျပ်သန်း ၁၅,၇၅၀ ဖိုးခန့်ကို တာချီလိတ်မြို့တွင် ဖမ်းဆိးရမိခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း မင်္ဂလာဒုံ စက်မှုဇုန် ဇေကမ္ဘာဝင်းအိုးအိမ် လမ်းမပေါ်တွင် ရပ်တန့်ထားသည့် ကင်ဘိုဘောက်စ်ယာဉ်အတွင်းမှ စိတ်ကြွဆေးပြား ၂၆ ဒသမ ၇ သန်း၊ တန်ဖိုးကျပ် ၁၃၃ ဒသမ ၅ ဘီလျံဖိုးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အမှုနှင့် ဆက်စပ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်တစ်အိမ်တွင် စိတ်ကြွဆေးပြား ၁ ဒသမ ၅ သန်း၊ တန်ဖိုးကျပ် သိန်း ၇၅,၀၀၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် သာကေတမြို့နယ်တွင် ရေမြောင်းအတွင်း စွန့်ပစ်ထားသည့် စိတ်ကြွဆေးပြား ခြောက်သိန်းခန့်ကိုလည်း သြဂုတ်လအတွင်းက တွေ့ရှိ သိမ်းဆည်းခဲ့သည်။

မင်္ဂလာဒုံမြို့နယ်၌ ဖမ်းဆီးမိခဲ့သည့် စိတ်ကြွဆေးပြားများနှင့် ပတ်သက်၍ ဆက်စပ် ကွင်းဆက် ဖမ်းဆီးမှုများတွင် ဆေးပြား ၃၄၄ သိန်းကျော်၊ ဖင်စီဒိုင်းဆေးပုလင်း ၅၇၅ လုံးနှင့် ICE သိန်း ၃၅၀ ဖိုးတို့ကို သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့က စက်တင်ဘာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး တိမ်းရှောင်နေသည့် Kaladan Delta Development Co., Ltd. ၏ မန်နေဂျင်းဒါရိုက်တာ မင်းဦးခိုင်ကို စက်တင်ဘာ ၁၅ ရက်တွင် မြဝတီနယ်စပ်၌ ဖမ်းဆီးရမိခဲ့ပြီးနောက် ဆက်စပ် ဖော်ထုတ်ချက်အရ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာရှိ လုံးချင်းတိုက်၌စိတ်ကြွဆေးပြား ၁၈ သိန်းနှင့် ဖင်စီဒိုင်းဆေးပုလင်း ၅၇၅ လုံး၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် တက္ကသိုလ်ရိပ်မွန်အိမ်ရာတွင်း အခြားတိုက်တစ်လုံး၌ စိတ်ကြွဆေးပြား ၃၈ သိန်းကျော်၊ တန်ဖိုးကျပ် ၁၉,၁၂၅ သန်းကို ထပ်မံ ဖမ်းဆီးမိခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၂၅ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် ဘုရင့်နောင်ပွဲရုံ၊ ရိုးကြီးချောင်းပတ်လမ်းရှိ ရေမြောင်းထဲတွင် ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော ရေစိုနေသည့် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ကျပ်သိန်း ၃,၂၇၀ ဖိုးကို သိမ်းဆည်းနိုင်ခဲ့သည်။

သတင်း- ဆန်းဦး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar