မထသ၏ နောက်ဆုံးအချိန်များကို ကားခအဆမတန် တောင်းခံခြင်းဖြင့် လိုင်းကားများ နှုတ်ဆက်

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ဆယ်စုနှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရသည့် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ကော်မတီတစ်ခုဖြစ်သည့် မထသ၏ နောက်ဆုံးနေ့ကို ယာဉ်စီးခများ အဆမတန်တောင်းခံခြင်းဖြင့် လိုင်းကားအချို့က နှုတ်ဆက်ခဲ့ကြ သည်။

ယာဉ်စီးခ ပိုမိုတောင်းခံခြင်း၊ ခရီးသည်များအား ဆဲဆိုခြင်းနှင့် သေဆုံးသည်အထိ ရိုက်နှက်ခြင်းစသည့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရန်ကုန်မြို့တွင်း ခရီးသည်တင် မော်တော်ယာဉ်များအား ကြီးကြပ်ရသည့် မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်ရေး ကြီးကြပ်မှုကော်မတီ(မ.ထ.သ) အပါအဝင် အခြားအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ခွင့်သည် ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ညတွင် နောက်ဆုံးအချိန်ဖြစ်သည်။

ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ပြီး အဆိုပါလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က လွဲပြောင်းတာဝန်ယူကာ ဆက်လက်လုပ်ကိုင်သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ခဲ့ခြင်းဖြစ်သည်။

ပြေးဆွဲခွင့်အချိန် နာရီပိုင်းသာကျန်ရှိသည့် မထသ ယာဉ်လိုင်းအချို့သည် ခရီးသည်များအား ယာဉ်စီးခအဆမတန် တောင်းခံခြင်းဖြင့် ၎င်းတို့၏ နာမည်ဆိုးကို နောက်ဆုံးအချိန်အထိ ဆက်လက်ထိန်းသိမ်းခဲ့သည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှ လှိုင်သာယာသို့သွားသည့် ခရီးသည် ကိုဖြိုးလွင်အောင်က ဇန်နဝါရီ ၁၅ နေ့ နံနက်တွင် ၎င်းစီးခဲ့သည့် ၅၉ ခရီးသည်တင်ယာဉ်သည် ရှေ့ခန်း ကျပ် ၅၀၀ အစား ၁,၀၀၀ ကျပ်ကိုလည်းကောင်း၊ နောက်ခန်းကျပ် ၂၀၀ အစား ၄၀၀ ကျပ်ကိုလည်းကောင်း တောင်းခံခဲ့သည်ဟု Frontier ကိုပြောသည်။

“ခရီးသည်တွေလဲ မကျေနပ်ကြဘူး။ ကျွန်တော်ကိုတောင်းတော့ မပေးဘူးလို့ ငြင်းတော့ ပိုင်ရှင်က ဝင်ပြောတဲ့အတွက် စပါယ်ယာက ပိုမတောင်းတော့ဘူး။ တခြားသူတွေကိုတော့ တောင်းတယ်”ဟု ၎င်းကပြောသည်။

Frontier သတင်းထောက် လိုက်ပါစီးနင်းခဲ့သည့် ၁၀၇ ယာဉ်လိုင်းသည်လည်း ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းမှ စတင်ပြီး အတက်အဆင်း ကျပ် ၄၀၀ ပုံသေ ကောက်ခံခဲ့သည်။

လမ်းတလျှောက်တွင် စပယ်ယာက “ဘယ်စီးစီး ၄၀၀ ကျပ်” ဟု အော်ဟစ်နေခဲ့ပြီး “နောက်တရက်ကျ ၅၀၀ ပေး မယ်”ဟုလည်း ခရီးသွားများအား သတိပေးခဲ့သေးသည်။

သို့သော် ဇန်နဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက ၁၀၇ ယာဉ်လိုင်း စီးနင်းသူများ၏အဆိုအရ ယာဉ်စီးခ ၃၀၀ ကျပ်သာ ကောက်ခံသည်ဟု ဆိုသည်။

မထသ မဖျက်သိမ်းမီ ရက်ပိုင်းအလို ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်းကလည်း တာမွေမှ သံလျှင်သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းမှ ကားမှာ မှတ်တိုင်တွင် ကြာမြင့်စွာ ရပ်တန့်နေသည့်အတွက် ယာဉ်မောင်းနှင့် စပယ်ယာတို့ကို စောဒကတက်သည့် ခရီးသည်တစ်ဦးကို အသက်သေဆုံးသည်အထိ ရိုက်နှက်မှု ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ ယာဉ်မောင်းနှင့် စပယ်ယာမှာ ယခုအခါ ထွက်ပြေးနေသဖြင့် ရဲက လိုက်လံရှာဖွေလျှက် ရှိသည်။

မထသကို ဖျက်သိမ်းပြီး အစားထိုးမည့်စနစ်သစ်တွင် အဆိုပါပြဿနာများ ချုပ်ငြိမ်းသွားရန် ရည်ရွယ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

စနစ်သစ်တွင်လိုက်ပါမည့် ယာဉ်လိုင်းနှင့် ဝန်ထမ်းများသည် ယခင်အတိုင်း ပြုမူဆက်ဆံနေပါက ပြင်းထန်သည့် အရေးယူမှုများ ခံစားရနိုင်ကြောင်းလည်း ဝန်ကြီးချုပ်က သတိပေးထားသည်။

“ကားပါ ဆုံးရှုံးသွားနိုင်တဲ့အခြေအနေအထိ ထိထိရောက်ရောက် အရေးယူဖို့ရှိပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ၎င်း၏ရုံးတွင် ဇန်နဝါရီ ၁၄ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar