ရန်ကုန်၊ ဇန်နဝါရီ ၇
ယခုလ ၁၆ ရက်နေ့မှ စတင်ကာ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ၏ တာဝန်အရပ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကာ အဆိုပါနေ့တွင် အများပိုင်ယာဉ်လိုင်း ၅၈ လိုင်းကို စတင်ပြေးဆွဲတော့မည်ဖြစ်သည်။
ယာဉ်လိုင်းသစ်များ ပြေးဆွဲရန်အတွက် ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် ပုဂ္ဂလိကပိုင် ယာဉ်လိုင်းများအပါအဝင် ကုမ္ပဏီအမည်အမျိုုးမျိုးဖြင့် ပြေးဆွဲနေသော ယဉ်လိုင်းပေါင်း ၃၀၀ ကျော်ကို ယခုလ ၁၅ ရက်နေ့ညတွင် အပြီးသတ် ရပ်ဆိုင်းတော့မည်ဖြစ်သည်။
ထို့နောက် အများပိုင်ယာဉ်လိုင်း ၅၈ လိုင်းကို ရန်ကုန်တိုင်းဒေသကြီး၊ လ ျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ စီမံအုပ်ချုပ်မှုအောက်တွင် ယခုလ ၁၆ ရက်နေ့က စတင်အသက်ဝင် ပြေးဆွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုလ ၆ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျွန်တော်ရဲ့ လူမှုစာမျက်နှာများနဲ့၊ တိုင်းအစိုးရအကြုံပြုချက်တွေမှာ အများဆုံး တင်ပြလာတဲ့အချက်ကတော့ ဒီယာဉ်လိုင်းကိစ္စပဲဖြစ်ပြီး၊ ပြည်သူလူထုအနေဖြင့် နေ့တစ်ဓူဝ အများဆုံးရင်ဆိုင်ကြုံတွေ့နေရတဲ့ ကားပြဿနာတွေကြောင့် ပထမဆုံးအဆင့် ပြောင်းလဲသည့်စနစ်အနေဖြင့် ယာဉ်လိုင်းတွေပြေးဆွဲနေတဲ့ မထသကို ၁၅ ရက်နေ့မှာ အပြီးဖျက်သိမ်းလိုက်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
ယခုလို အများပိုင်ကုမ္ပဏီ ယာဉ်လိုင်းများလုပ်ဆောင်ရခြင်းမှာ ပြည်သူလူထုတစ်ရပ်လုံးကို တစ်ဦးချင်း၊ တစ်ယောက်ချင်း မိမိတို့တတ်နိုင်သလောက် ပူးပေါင်းပါဝင်ခွင့်ရစေရန်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်တည်းဖြစ်သော သူဌေးကြီးတစ်ဦးတစ်ယောက်၏ လွမ်းမိုးထားမှုမဟုတ်သည့် အများပိုင်ကုမ္ပဏီများဖြစ်စေသည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
တစ်ဘက်တွင်လည်း ပြည်သူများဘက်မှ တစ်ဦးတစ်ယောက်အနေဖြင့် ဝန်ဆောင်မှုပေးနိုင်သောသူများကို အခွင့်အလမ်းတစ်ရပ်ပေးလျှက် ချီးမြှောက်မှုများဖြင့် ဝန်ဆောင်မှုပေးသွားမည်ဟု ၎င်းကပြောကြားသည်။
အများပိုင်ယာဉ်လိုင်းများကို လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဒေါ်နီလာကျော်က ဦးဆောင်ကာ စောင့်ကြပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ယာဉ်လိုင်းစနစ်သစ်တွင် ပြေးဆွဲလိုသည့်ယာဉ်လိုင်းများသည် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံတွင် မှတ်ပုံပြီးမှ ပြေးဆွဲခွင့်ရှိမည်ဖြစ်သည်။
“အခွင့်အရေးပေးတဲ့အနေနဲ့ ကားတစ်စီးပိုင်၊ နှစ်စီးပိုင် ကားသမားများကိုပါ ထည့်သွင်း စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ အများပိုင်ယာဉ်လိုင်းစနစ်မှာ ပါဝင်လိုပါက မနက်ဖြန် (ဇန်နဝါရီ ၇ ရက်နေ့) မှစ၍ ဇန်နဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းအစိုးရ စုပေါင်းရုံးတွင် မှတ်ပုံတင်နိုင်ပါတယ်” ဟု ဟု ဒေါ်နီလာကျော်က ပြောကြားသည်။
“ဒါပေမယ့် ကျွန်မတို့အနေနဲ့ သူတို့လာပြီးမှတ်ပုံတင်တဲ့ ယာဉ်အမျိုးအစား၊ အခြေအနေကိုကြည့်ပြီးမှ ပါဝင်ဆောင်ရွက်ခွင့်ပြုမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
၁၉၉၅ ခုနှစ်ရှေ့ပိုင်းထုတ် ကားများဖြစ်သည့် စီးတီးဘတ်စ်များ၊ မီနီဘတ်စ်များ၊ ဘီအမ်ကားများနှင့် ဒိုင်နာကားများ အားလုံးကို ဆက်လက်ပြေးဆွဲခွင့်ပြုမည်မဟုတ်ဟု ဒေါ်နီလာကျော်က ပြောကြားသည်။
“မှတ်ပုံမတင်ပဲ ပြေးဆွဲတဲ့ ကားများကို အောက်ဆိုက်ကားအဖြစ် သတ်မှတ်မည်ဖြစ်ပြီး အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
အများပိုင်ယာဉ်လိုင်းများတွင် လုပ်ကိုင်လိုသည့် ယာဉ်မောင်းနှင့် ယာဉ်အကူများအနေဖြင့်လည်း မိမိတို့ လုပ်ကိုင်လိုသည့်ယာဉ်လိုင်းတွင် စာရင်းပေးသွင်းနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ခာမျိုးကပြောကြားသည်။
“ယာဉ်မောင်း၊ ယာဉ်အကူများကိုလည်း အမျိုးသား၊ အမျိုးသမီးများတန်းတူ ပါဝင်လုပ်ကိုင်နိုင်ရန် ထည့်သွင်းစဉ်းစားထားပြီး ၎င်းတို့အနေနဲ့လည်း မိမိလုပ်ကိုင်လိုသော ယာဉ်လိုင်းတွင် စာရင်းပေးသွင်းနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
အများပိုင်ယာဉ်လိုင်းတွင် လုပ်ကိုင်လိုသည့် ယာဉ်မောင်းနှင့် ယာဉ်အကူများကို လစာစနစ်ဖြင့် တာဝန်ပေးအပ်သွားမည် ဖြစ်သည်။
“အမျိုးသား၊ အမျိုးသမီး၊ ယာဉ်မောင်း၊ ယာဉ်အကူနေရာတွင် လစာ ခွဲခြားထားခြင်းမရှိပါဘူး။ ထိုလစာက ၎င်းတို့အတွက် အတူတူပင်ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းကပြောကြားသည်။
ယခုလ ၁၆ ရက်နေ့တွင် စတင်တော့မည့် ပို့ဆောင်ရေးစနစ်သစ်တွင် မြို့တွင်းကားခများကို ခရီးစဉ်အလိုက် ကျပ် ၁၀၀ မှ ကျပ် ၃၀၀ အထိ အများဆုံးသတ်မှတ်ထားသည်။
အများပိုင်ယာဉ်လိုင်း ၅၈ လိုင်း အကောင်အထည်ဖော်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကာ ကျပ် ၆၀ ဘီလျံထည့်ဝင်ပြီး အများပိုင်ကုမ္ပဏီ ရှစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
သတင်း- ဆုမြတ်မွန်
class=
class=