မတရားသိမ်းဆည်းခံ လယ်မြေတွေ ပြန်ရနိုင်ကြပါ့မလား

စစ်အစိုးရလက်ထက်က လယ်ယာမြေ သိမ်းဆည်းမှုတွေဟာ လက်ရှိဒီမိုကရေစီ အစိုးရလက်ထက်မှာ ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ရပ် ဖြစ်နေပြီး ဒီလယ်ယာမြေတွေ မူလပိုင်ရှင်ထံ ပြန်ရောက် မရောက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လယ်ယာမြေ သိမ်းဆည်းခံရမှု   ပြဿနာနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တာဝန်ရှိသူတွေရဲ့ ဖြေကြားချက်အပေါ် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဒေါသထွက် ပေါက်ကွဲခဲ့ပါတယ်။

ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာပြီးနောက် အရေးတကြီး အကောင်အထည်ဖော်ဖို့ လိုပေမဲ့ အောင်မြင်အောင် မစွမ်းဆောင်နိုင်သေးတဲ့အထဲမှာ လွှတ်တော်ဥက္ကဋ္ဌ ဒေါသထွက် ပေါက်ကွဲခဲ့တဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာ ဖြေရှင်းရေးလည်း ပါပါတယ်။

ဒီနေ့အချိန်ထိ လယ်သိမ်းခံ တောင်သူလယ်သမား အများစုဟာ အရင် စစ်အာဏာရှင်တွေခေတ်က မတရားသိမ်းဆည်းခံရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေ လက်ဝယ် ပြန်မရကြသေးရုံမက အဲဒီလယ်ယာမြေတွေထဲ ဝင်ရောက်ထွန်ယက်လို့ဆိုပြီး မတရား သိမ်းဆည်းထားသူတွေရဲ့ တရားစွဲခံရ၊ တချို့ ထောင်ဒဏ်ချမှတ်ခံရကြတဲ့ အခြေအနေတောင် ရောက်နေပါသေးတယ်။ လယ်ယာမြေ မတရားသိမ်းဆည်းခံထားရသူတွေ သူတို့လယ်ယာမြေ သူတို့ ပြန်ရနိုင်မလားဆိုတာ လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင် အစိုးရတွေဟာ ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး တောင်သူလယ်သမားတွေနဲ့ ပြည်သူတွေဆီကနေ မြေတွေကို မတရား သိမ်းယူခဲ့ကြတာ ဖြစ်ပါတယ်။ သိမ်းယူတဲ့ဆီမှာ တပ်မတော်နဲ့ ဌာနဆိုင်ရာ ခေါင်းစဉ်တွေတပ်ပြီး တပ်ပိုင်၊ အစိုးရပိုင်တွေအဖြစ် သိမ်းယူခဲ့ကြပေမဲ့ နောက်ပိုင်း လွဲှပြောင်း၊ ရောင်းချပေးခဲ့ကြလို့ ပုဂ္ဂလိကလက်ထဲ ရောက်သွားတာလည်း မနည်းပါဘူး။

အဲဒီထဲမှာ အရင်စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စစ်အရာရှိတွေနဲ့ သူတို့မိသားစုဝင်တွေက အဓိက ပိုင်ဆိုင်သွားကြတယ်လို့ ခန့်မှန်းရပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုအုံကြွမှုအပြီး အာဏာသိမ်း တက်လာတဲ့ စစ်အစိုးရခေတ်နောက်ပိုင်း မြေသိမ်းယာသိမ်းကိစ္စ ပိုဆိုးလာတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ အတည်ပြုဖို့ ခက်ခဲပေမဲ့ အဲဒီအချိန် အာဏာပိုင်တွေက ပြည်သူတွေဆီကနေ မတရားသိမ်းဆည်းခဲ့တဲ့ လယ်ယာနဲ့ အခြားမြေ ဧက သန်းနဲ့ချီ ရှိနိုင်တယ် ဆိုပြီး ခန့်မှန်းကြပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီအမတ်တွေ ရောက်လာတဲ့အခါ အဲဒီ ခေတ်ဆိုး စနစ်ဆိုးက မတရားသိမ်းယူထားတဲ့ လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရသူတွေဆီ ပြန်ပေးဖို့ စ ပြီး လှုပ်ရှားပါတယ်။

နောက်ပိုင်း ပြည်ခိုင်ဖြိုးအမတ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်၊ အစိုးရနဲ့ တပ်မတော်ဘက်ကပါ သဘောတူညီတဲ့အတွက် ကော်မတီအဆင့်ဆင့် ဖွဲ့ပြီး မတရား သိမ်းဆည်းခံရတဲ့ မြေယာတွေကို မူလပိုင်ရှင်တွေထံ ပြန်ပေးရေးလုပ်ငန်းကို စ ပြီး လုပ်ကြပါတော့တယ်။ စ လုပ်စဉ်တုန်းကတော့ တပ်မတော် အပါအဝင် ဌာနဆိုင်ရာတွေဘက်ကပါ တက်တက်ကြွကြွ လုပ်ကိုင်ကြတဲ့အတွက် တောင်သူလယ်သမားတွေနဲ့ ပြည်သူတွေဘက်ကလည်း ငါတို့ လယ်ယာမြေတွေ ပြန်ရတော့မှာပဲဆိုပြီး မျှော်လင့်ချက်ကြီးကြီးနဲ့ ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ကြပါတယ်။

တပ်မတော်ဘက်က ဆိုရင်လည်း အဆောက်အအုံတွေ ဆောက်လုပ်ပြီးသား မြေနေရာ၊ တပ်ရင်းတပ်ဖွဲ့ တည်နေရာနဲ့ တဆက်တစပ်တည်း ရှိနေပြီး လက်ရှိလည်း အသုံးပြုနေတဲ့ မြေနေရာတွေကလွဲရင် ကျန်တာတွေ စိစစ်ပြီး ပြန်ပေးမယ်လို့ စနစ်တကျ မူဝါဒချမှတ် အကောင်အထည်ဖော်ခဲ့တာကိုလည်း တွေ့မြင်ကြရပါတယ်။

ဒါကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုပြီး လွှတ်တော်တွင်း မေးခွန်းမေးတဲ့အခါ ပြည်ထဲရေး ဒုဝန်ကြီးက ဒီလိုကိစ္စမျိုး တရားရုံးကပဲ ဖြေရှင်းရမယ်၊ သူတို့လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအနေနဲ့ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဖြေခဲ့သလို၊ တရားလွှတ်တော်ချုပ်ရုံးဘက်ကလည်း ကာယကံရှင်တွေ တရားလာစွဲတာကို လက်ခံစစ်ဆေးဖို့ပဲ ရှိတယ်လို့ ဖြေခဲ့တာဖြစ်ပါတယ်။

အစပိုင်းမှာ အမှုတွေဖြေရှင်း၊ လယ်ယာမြေတချို့ ပြန်ပေးတာမျိုး လုပ်ခဲ့သလို၊ အခါအားလျော်စွာ တိုင်စာအမှု စုစုပေါင်း ဘယ်လောက်ရှိတယ်၊ အဲဒါဟာ လယ်ယာနဲ့ အခြားမြေ ဧကပေါင်း ဘယ်လောက် အကျုံးဝင်တယ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်တွေက သိမ်းထားတာ ဖြစ်တယ်၊ အဲဒီထဲက အမှုဘယ်လောက်ကို ဖြေရှင်းပြီးဖြစ်တယ်၊ ဧကပေါင်း ဘယ်လောက်ကတော့ ပြန်စွန့်လွှတ်ဖို့ မဖြစ်နိုင်ဘူး၊ ဧကပေါင်း ဘယ်လောက်ကတော့ စွန့်လွှတ်နိုင်တယ် အစရှိသဖြင့် စာရင်းဇယားနဲ့ တကွ အသေးစိတ် ပြည်သူကို ထုတ်ပြန်ပေးခဲ့တာ တွေ့နိုင်ပါတယ်။

၂၀၁၅ ခုနှစ် မေလအတွင်း အစိုးရက ဦးဆောင်ဖွဲ့စည်းထားတဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီရဲ့ အစီရင်ခံစာတစ်စောင်မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၅ ခုနှစ် မေလအတွင်း တိုင်ကြားမှု ၁၅,၀၀၀ နီးပါးမှာ အမှု ၇,၇၀၀ နီးပါး ဖြေရှင်းပေးခဲ့တဲ့အတွက် အမှု ၆,၈၀၀ ကျော်ပဲ ကျန်တော့တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒါပေမဲ့ မတရား အသိမ်းခံထားရတဲ့ မြေ ဘယ်နှစ်ဧက၊ အဲဒီအထဲက တကယ့်လက်တွေ့ ပြန်ပေးတာ ဘယ်နှစ်ဧက ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ဖော်ပြတာမျိုးတော့ မတွေ့ရပါဘူး။ ဒီလို ပြန်ရတာတွေက အစိုးရ ဌာနဆိုင်ရာနဲ့ တပ်မတော်လက်ထဲ ရောက်နေတဲ့မြေ တစ်စိတ် တစ်ဒေသလောက် ဖြစ်ပြီး ကျန် ပုဂ္ဂလိကလက်ထဲ ရောက်သွားတဲ့မြေတွေနဲ့ နောက်ပိုင်း ဌာနဆိုင်ရာနဲ့ တပ်မတော်လက်ထဲရှိနေတဲ့ မြေတွေ စွန့်လွှတ်ဖို့ မရေရာ မသေချာတဲ့ အနေအထားတွေ တွေ့မြင်လာရပါတယ်။

အဲဒီသိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ပတ်သက်ရင် မတရား သိမ်းဆည်းရယူသွားတဲ့သူ အများစုဟာ သူတို့ကိုယ်တိုင်လည်း လယ်စိုက်သူတွေ မဟုတ်ကြပါဘူး။ တချို့ကတော့ အဲဒီ သူတို့ မတရား ရယူထားတဲ့လယ်ကို မူရင်းလယ်ပိုင်ရှင်တွေကိုပဲ သီးစားခယူပြီး ချထား၊ လုပ်ကိုင်စေတာမျိုးလည်း အများကြီး ရှိခဲ့ပါတယ်။

အဓိပ္ပာယ်ကတော့ တောင်သူလယ်သမားတချို့ဟာ သူတို့မြေပေါ်မှာ သူတို့ဟာ မြေမဲ့ယာမဲ့ သူရင်းငှားဘဝနဲ့ ပြန်အလုပ်လုပ်နေရတဲ့ သဘောပါ။ နောက်ပိုင်း အစိုးရက အဲဒီလယ်တွေ မူလပိုင်ရှင်တွေလက်ထဲ ပြန်ပေးမယ် လုပ်တော့ လက်ဝယ်ရှိထားတဲ့သူတွေက လက်မခံနိုင်ကြပါဘူး။ ဒီလိုနဲ့ သူတို့လယ်ယာမြေထဲမှာ အလုပ်လုပ်နေတဲ့ မူလပိုင်ရှင် လယ်သမားတွေကိုလည်း အလုပ်မလုပ်ခိုင်းတော့တာတွေ ရှိလာပါတယ်။

ဒီလိုနဲ့ သိမ်းဆည်းခံရတဲ့ ကိုယ့်လယ်ယာမြေတွေ ပြန်ရဖို့ ဝေးလို့၊ လက်ရှိ လုပ်ကိုင်နေတာကိုတောင် လုပ်ခွင့်မရတော့တဲ့ လယ်သမားတချို့ဟာ နောက်ပိုင်း အဲဒီလယ်ယာမြေတွေထဲ အတင်းဝင်ရောက် ထွန်ယက်တဲ့ ထွန်တုံးတိုက်ပွဲတွေ ဆင်နွဲှလာကြပါတော့တယ်။ ဒီအခါ လယ်တွေကို မတရားသိမ်းထားသူ အဖွဲ့အစည်းနဲ့ ငွေရှင်ကြေးရှင်တွေက ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲတော့တာပါပဲ။ ဒီလိုနည်းနဲ့ တချို့ ထောင်ကျ၊ အတော်များများ လက်ရှိ အချိန်ထိ တရားရုံးတွေမှာ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒါကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုပြီး လွှတ်တော်တွင်း မေးခွန်းမေးတဲ့အခါ ပြည်ထဲရေး ဒုဝန်ကြီးက ဒီလိုကိစ္စမျိုး တရားရုံးကပဲ ဖြေရှင်းရမယ်၊ သူတို့လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအနေနဲ့ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဖြေခဲ့သလို၊ တရားလွှတ်တော်ချုပ်ရုံးဘက်ကလည်း ကာယကံရှင်တွေ တရားလာစွဲတာကို လက်ခံစစ်ဆေးဖို့ပဲ ရှိတယ်လို့ ဖြေခဲ့တာဖြစ်ပါတယ်။

အဲဒီအဖြေဟာ လက်ရှိ ကိုယ့်လယ်ယာမြေလည်း ကိုယ်ပြန်မရတဲ့အပြင် တရားရုံးတွေမှာလည်း တရားရင်ဆိုင်နေရတဲ့ တောင်သူတွေအတွက် တရားမျှတမှုလည်း လုံးဝမရှိ၊ ထွက်ပေါက်လည်း မရှိသလို ဖြစ်သွားစေတာမို့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အမျက်ဒေါသထွက်ခဲ့ရခြင်း ဖြစ်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် လယ်ယာနဲ့ အခြားမြေတွေကို မတရား သိမ်းဆည်းခဲ့သူတွေနဲ့ လက်ရှိ ပိုင်ဆိုင်နေသူတွေဟာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တချို့၊ ဌာနဆိုင်ရာတချို့၊ အရင် စစ်အာဏာရှင်ခေတ်က စစ်အရာရှိဟောင်းတချို့၊ အရင်အာဏာပိုင်တွေနဲ့ ရင်းနှီးတဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့ ဖြစ်နေပြီး လက်ရှိ တရားရုံးတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ရပ်ကလည်း အဲဒီအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်တဲ့သဘော သက်ရောက်နေတာမို့ အရင် စစ်အာဏာရှင်ခေတ်က လယ်သိမ်းမြေ သိမ်းခံရတဲ့ တောင်သူတွေနဲ့ ပြည်သူတွေ လက်ထဲကို၊ သူတို့ လယ်တွေ၊ မြေတွေ ပြန်ရောက်လာဖို့ လွယ်ကူမှာ မဟုတ်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။ 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar