မငြိမ်မသက်ဖြစ်နေသည့် မြန်မာနယ်စပ်အနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်

မတ် ၂၉

မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် နယ်စပ်အနီးတွင် တရုတ်တပ်မတော်၏ စစ်ရေးလေ့ကျင့်ခဲ့မှုကို အင်္ဂါနေ့က ဆောင်ရွက်ခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့သည်။ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ရက်သတ္တပတ်ပေါင်းများစွာ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေပြီးနောက် ဘေဂျင်းက ၎င်း၏ အင်အားကို ပြသခဲ့ခြင်းလည်း ဖြစ်သည်။

မငြိမ်မသက်ဖြစ်နေသည့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ပြီးခဲ့သည့်လများအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှ လွတ်မြောက်ရန် တရုတ်နိုင်ငံတွင်းသို့ လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေသော တိုက်ခိုက်မှုများ ရပ်တန့်သွားစေရန် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းနေမှုများကို အဆိုပါ သွေးထွက်သံယို တိုက်ခိုက်မှုများက ခြိမ်းခြောက်နေသည်။

အင်္ဂါနေ့က ဆောင်ရွက်ခဲ့သည့် လေ့ကျင့်မှုတွင် တရုတ်ခြေလျင်တပ်များ၊ လက်နက်ကြီးများနှင့် လေတပ်တို့ ပါဝင်ခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ နှစ်စဉ်ဆောင်ရွက်နေသည့် လေ့ကျင့်မှုဖြစ်သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ကြည်း၊ လေနှင့် လက်နက်ပစ်ခတ်မှုများ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို မြန်မာနိုင်ငံနယ်စပ်အနီး တရုတ်နိုင်ငံ တောင်ပိုင်းဒေသတွင် ဆောင်ရွက်ခဲ့သည်” ဟု ဆင်ဟွာက ရေးသားထားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုက အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သလို ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်အတွက်လည်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး Fang Xin ၏ ပြောကြားချက်ကို ကိုးကား ရေးသားထားသည်။

၂၀၁၅ ခုနှစ်က ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ ကိုးကန့်ဒေသတွင် တိုက်ခိုက်မှုများ အပြင်းအထန်ဖြစ်ပွားခဲ့စဉ် မြန်မာ့တပ်မတော်က ပစ်ခတ်ခိုက်သည့် ဒုံးကျည်များ တရုတ်နိုင်ငံဘက် ကျရောက်ကာ တရုတ်နိုင်ငံသားအချို့ သေဆုံးခဲ့ရပြီးနောက် အလားတူ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တရုတ်နိုင်ငံက ပြုလုပ်ခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှု ပြုလုပ်အပြီး ရက်သတ္တပတ်နှစ်ပတ်အကြာတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားအဖွဲ့များအကြား အပစ်အခတ်ရပ်စဲမှုကို ကြေညာခဲ့ကြသည်။

ယခုလအတွင်းကလည်း တရုတ်နယ်မြေတွင်း ကျည်ဆံကျရောက်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်အာဏာပိုင်များက ပြောကြားထားသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များဘက်သို့ တရုတ်နိုင်ငံက သိသိသာသာ တိမ်းညွှတ်မှု ရှိနေကာ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကနေရာမှ ပါဝင်နိုင်ရန် တရုတ်နိုင်ငံက နေရာယူနေသည်ဟု လေ့လာသူများက ယုံကြည်ထားကြသည်။

အပစ်အခတ်များ ချက်ချင်း ရပ်ဆိုင်းရန် တရုတ်နိုင်ငံက တောင်းဆိုထားပြီး တိုက်ခိုက်မှုများ ငြိမ်သက်သွားစေရန်အတွက် လက်နက်ကိုင်အဖွဲ့များနှင့် တရုတ်အစိုးရက ဆွေးနွေးနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar