မင်္ဂလာဒုံမြို့နယ်မှ ကျူးကျော်ဟုဆိုသူများကို ဖယ်ရှားရန် အစိုးရက ပြင်ဆင်နေ

ရန်ကုန်၊ မေ ၃၀

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲရှိသည်ဆိုသော နယ်မြေများတွင် နေထိုင်နေကြသူများအား ဖယ်ရှားပေးရန် အစိုးရက အသိပေးအကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်စက်မှုဇုန်ဧရိယာအတွင်း ကျူးကျော်နေထိုင်နေကြသူဟုဆိုသူများအား ယခင်အစိုးရလက်ထက်က ဖယ်ရှားခဲ့သော်လည်း ယခုပြန်လည်နေထိုင်ကြခြင်းဖြစ်ကာ အဆိုပါနေရာမှ ထွက်ခွာသွားရန် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးထားသည့်စာကို ၎င်းတို့ထံ ပြီးခဲ့သည့် ရက်သတ္တပတ်က ပေးပို့ခဲ့သည်။

လက်ရှိနေရာမှ မေ ၂၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် ၎င်းနေထိုင်သူများအား အသိပေးသည့်စာကို မေလ ၂၂ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။

၎င်းစာအရ ပျဉ်းမပင်စက်မှုဇုန် ဧရိယာအတွင်းရှိ၊ ဓမ္မပါလ၊ စံသမာဓိ၊ မြဲမြန်အောင်နှင့် ကုတ်ကျင်းနီဟု ခေါ်ဆိုသည့် နေရာဒေသများအတွင်း နေထိုင်ကြသည့် ကျူးကျော်ဟု ယူဆရသူများအားလုံး အကျုံးဝင်သည်ဟု ဆိုသည်။ ယင်းနယ်မြေများသည် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ရပ်ကွက်အပိုင်အတွင်း ပါဝင်သည့် နယ်မြေများဖြစ်ကာ ကာကွယ်ရေးဝန်ကြီးဌာနက စီမံပိုင်ခွင့်ရှိသည့် နယ်မြေများဖြစ်သည်ဟုလည်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဒေဝက “အသိပေးစာကို ပေးခဲ့ပြီးပါပြီ၊ နောက်ဆက်တွဲ ဆက်လုပ် ရမှာကိုတော့ အထက်ကညွှန်ကြားချက်အတိုင်း လုပ်ရမှာဖြစ်တဲ့အတွက် ဘာဆက်လုပ်မလဲဆိုတာကို အတိအကျ မသိပါဘူး။ အထက်က ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ရမှာပါ” ဟုပြောကြားသည်။

ယခုပေးပို့သည့် အသိပေးစာသည် သုံးကြိမ်မြောက်ပေးပို့သည့်စာဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့ကို ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဧပြီလအတွင်းက ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

၎င်းနေရာများကို ယခင်အစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က စက်ယန္တရားများအသုံးပြုကာ ဖယ်ရှားခဲ့သေးသည်။ ထိုသို့ဖယ်ရှားပြီးနောက်ပိုင်း နေထိုင်သူများ ပြန်လည်ရောက်ရှိ နေထိုင်လာကြခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ မင်္ဂလာဒုံမဲဆန္ဒနယ်အမှတ် ၁၊ ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက “အဲဒီနေရာမှာ အိမ်ထောင်စုအများကြီးရှိပါတယ်။ အခုတော့ကျူးကျော်စာရင်း လုပ်နေပါတယ်။ ၁၂၀ ကျော်လောက်တော့ ပြီးနေပါပြီ။ ဒါပေမယ့် စာရင်းလုပ်ရင် နောက်မှာ အရေအတွက်တွေက ထပ်တိုးတိုးနေတဲ့ အခက်အခဲတွေတော့ ရှိတယ်” ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်နေထိုင်သူများ၏ စာရင်းကိုကောက်ယူ မည်ဟု ၂၀၁၆ ခုနှစ် မေလကတည်းက တရားဝင်ပြောကြားထားပြီးဖြစ်သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာအထိ မရန်းကုန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်၊ သာကေတနှင့် ဒလမြို့နယ်များအတွင်းရှိ ကျူးကျော်စာရင်းများကို စတင်ပြုစုနေပြီး လက်ရှိအချိန်ထိ ဆောင်ရွက်နေဆဲဖြစ်သည်။

လက်ရှိစာပို့ခံရသည့် မင်္ဂလာဒုံမြို့နယ်အတွင်း၌မူ ကျူးကျော်နေထိုင်သူ စာရင်းကို ကောက်ယူခြင်း မပြုသေးပေ။

“ကျူးကျော်စာရင်း ကောက်တာမရှိသေးပါဘူး။ မသိလည်းမသိသေးဘူး။ ကျွန်တော်တို့စီကို မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ရဲတွေအပြင် အခြားလူ ၃၀ လောက် ကားနဲ့ လာပေးသွားတယ်။ ဘာဆက်လုပ်မယ်ဆိုတာတော့ မပြောသွားပါဘူး” ဟု မြဲမြန်အောင်အပိုင်းနေ ဦးသန့်ဇင်ဌေးက ဆိုသည်။

ဦးသန့်ဇင်ဌေးက ၎င်းမိသားစုနှင့်အတူ လက်ရှိနေထိုင်သည့် မြဲမြန်အောင်အပိုင်းတွင် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကပင် နေထိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ပျဉ်းမပင်ရပ်ကွက်တွင်နေထိုင်သူ ဦးမောင်ကိုကမူ ၎င်းနေရာများတွင်လွန်ခဲ့သည့် သုံးနှစ်မှ ငါးနှစ်အထိ နေထိုင်သူများမရှိပဲ လယ်ကွင်းနှင့် သီးနံှများစိုက်ပျိုးကြသည့် အကွက်များသာဖြစ်သည်ဟု ဆိုသည်။

“လာဖျက်မယ်ဆိုရင်လည်း ကျွန်တေ်ာတို့က ဘာမှ ဘယ်သူ့ကိုမှ တုန့်ပြန်မှာ မဟုတ်ပါဘူး။ နေစရာနေရာကလည်း မရှိတော့ ကျွန်တော်တို့က ဒီနေရာမှာပဲပြန်နေရမှာပဲ” ဟု၎င်းကပြောသည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar