ဘူးသီးတောင်၌ AA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရဲ ၁၃ ဦးသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားသည်။

တိုက်ခိုက်မှုသည် ဇန်နဝါရီ ၄ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရဲကင်းစခန်းများအား AA အဖွဲ့က အင်အားအလုံးအရင်းဖြင့် နံနက် ၆ နာရီ ၄၅ မိနစ်တွင် “တစ်ချိန်တည်း တစ်ပြိုင်နက်တည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

AA အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ၎င်းတို့ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

“ယနေ့တိုက်ပွဲအတွင်း ခုခံတိုက်ခိုက်သူများမှလွဲ၍ ဖမ်းဆီးထိန်းသိမ်းရမိသော သုံ့ပန်းများ (ကျား ၁၄ + မ ၄ ဦး) အား အန္တရာယ်ကင်းပြီးလုံခြုံစိတ်ချရသောအနေအထားတစ်ခုအောက်တွင် နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ပြန်လွှတ်ထားခဲ့ပြီးဖြစ်သည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်ဟု AA အဖွဲ့က အေအက်ဖ်ပီကို ပြောကြားပြီး တပ်မတော်အနေဖြင့် လက်နက်ကြီးများ ပစ်ရန်အတွက် စစ်စခန်းများအဖြစ် ရဲစခန်များအား အသုံးပြုနေသည်ဟု ပြောကြားသည်။

“စစ်တပ်က ရဲတွေကို ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက တိုက်ပွဲထဲ ခေါ်သွင်းလာတာ” ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တယ်လီဖုန်းမှတစ်ဆင့် အေအက်ဖ်ပီကို ပြောကြားသည်။ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ၎င်းတို့အား တစ်နေကုန်တိုက်ခိုက်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင်လည်း တိုက်ခိုက်ခံရသည့် ရဲစခန်းများသို့ တပ်မတော်ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ရဲကင်းစခန်းများရှိရာ ကျေးရွာ ၄ ရွာမှ တိုင်းရင်းသား၊ တိုင်းရင်းသူများသည် ကျေးရွာများသို့ စွန့်ခွာ တိမ်းရှောင်သွားသဖြင့် အဆက်အသွယ်ရရှိရေး ရှာဖွေလျက်ရှိသည်ဟုလည်း တပ်မတော်က ဆိုသည်။

ပြီးခဲသည့် ရက်များအတွင်း အဆိုပါဒေသ၌ တိုက်ပွဲများ နေစဉ်တောက်လျောက် ဖြစ်ပွားလျှက်ရှိရာ စစ်ဘေးရှောင် အရေအတွက်မှာလည်း ပိုမိုများပြားလာနေသည်။

ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီက ဇန်နဝါရီ ၁ ရက်နေ့တွင် ပြောကြားချက်အရ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် လူ ၂၅၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးလာကြသည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar