ဘူးသီးတောင်၌ စိတ်ကြွဆေးပြား တစ်သန်းခွဲခန့်အား ပိုင်ရှင်မဲ့ တွေ့ရှိ

ကျပ်သိန်းသုံးသောင်းကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား တစ်သန်းခွဲခန့်ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မေယုမြစ်ထဲမှာ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြစ်ကြောင်းစိုးမိုးရေးလှည့်ကင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက မင်္သကာဖွယ်တွေ့ရှိတဲ့ လောင်းလှေတစ်စီးကို ဇူလိုင် ၄ ရက်နေ့က စစ်ဆေးရာကနေ တွေ့ရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

လိုင်ရှည်ပြင်ကျေးရွာအဝင် ချောင်းကွေ့အစပ်အနီးက လမုတောအား ရှင်းလင်းရာကနေ အင်ဂျင်စက်ဖြုတ်ထားတဲ့ အဲဒီလောင်းလှေကို တွေ့ရှိခဲ့တာပါ။ လှေပေါ်မှာတော့ ဆာလာအိတ် ၁၁ အိတ်ကို တွေ့ရှိခဲ့ပြီး အဲဒီဆာလာအိတ်တွေထဲမှာတော့ အပြာရောင်ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကပ်ခွာအိတ်ဖြင့် တစ်ထုတ်လျှင် WY နှင့် R စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅ ပြား ပါရှိသည့် အထုပ် ၈,၂၀၀ ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၁,၅၉၉,၀၀၀ ပြား၊ အလေးချိန် ၁၅၉ ဒသမ ၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃,၁၉၈,၀၀၀,၀၀၀ တို့အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိတယ်” လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေရှ့်နယ်စပ်မှာ စိတ်ကြွဆေးပြား ကုန်သွယ်မှုတွေ မြင့်တက်လာနေသလို ဒီလိုငွေရလွယ်တဲ့ တရားမဝင်လုပ်ငန်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ မူးယစ်ဆေးဂိုဏ်းတွေနဲ့ မြန်မာလက်နက်ကိုင်တွေလည်း ပါဝင်ပတ်သက် ဆက်နွယ်နေတယ်လို့ အေအက်ဖ်ပီသတင်းဌာနက ရေးသားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဂိုဏ်းတွေက စိတ်ကြွဆေးပြားတွေ အမြောက်အများ ထုတ်လုပ်နေပါတယ်။ ဘင်္ဂလားဒေရှ့်ကို ရောက်ရှိလာတဲ့ စိတ်ကြွဆေးပြား အားလုံးနီးပါးဟာ နတ်မြစ်ကိုဖြတ်ပြီး မြန်မာနိုင်ငံဘက်က ရောက်ရှိလာကြတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေးဌာန (Department of Narcotics Control) က ယခုနှစ် တစ်နှစ်ထဲမှာ ဆေးပြားအရေအတွက် သန်း ၂၅၀ ကနေ ၃၀၀ အထိ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မေ ၇ ရက်နေ့တုန်းက မြန်မာနိုင်ငံ မောင်တောခရိုင်အတွင်း စစ်ဆေးရေးဂိတ်တစ်ခုမှာ မြန်မာစစ်သားတစ်ယောက်ကို ဆေးပြား ၂၀၀,၀၀၀ နဲ့အတူ ဖမ်းဆီး ရမိလိုက်ပါတယ်။ နောက်ပိုင်း အဆက်အသွယ်တွေ လိုက်ရှာခဲ့ပြီးနောက် အိမ်တစ်အိမ်မှာ မူးယစ်ဆေးပြား ၁ ဒသမ ၆ သန်းကို ထုတ်ပိုး သယ်ယူပို့ဆောင်ဖို့ အသင့်ထားတာ ထပ်မံ တွေ့ရှိခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၊ ရခိုင်မှာ အကြမ်းဖက်မှုတွေ ပြင်းထန်နေချိန်ကလည်း မောင်တောမြို့မှာ စစ်သားနှစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို နတ်မြစ်ကနေ ကီလိုမီတာ အနည်းငယ်အကွာမှာ ‘ယာဘ’ ဆေးပြား နှစ်သန်းနီးပါး (ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်း) နဲ့အတူ တွေ့ရှိခဲ့ရတာပါ။

မတ် ၁၅ ရက်နေ့ကလည်း ကော့ဇ်ကမ်းရိုးတန်းမှာ မူးယစ်ကုန်ကူးသူတွေ စွန့်ပစ်ထွက်ပြေးသွားတဲ့ ဆေးပြား ၁ ဒသမ ၈ သန်း ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ နောက်ထပ် ရက်အနည်းငယ်အကြာမှာပဲ လှေတစ်စင်းပေါ်မှာ စွန့်ပစ်သွားတဲ့ မူးယစ်ဆေးပြား ၉၀၀,၀၀၀ ထပ်မံ တွေ့ရှိရပြန်ပါသေးတယ်။

ဘင်္ဂလားဒေရှ့်မှာ စိတ်ကြွဆေးပြားတစ်ပြားကို အမေရိကန်ဒေါ်လာ သုံးဒေါ်လာကနေ ငါးဒေါ်လာအထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar