ဘီယာဈေးကွက်သို့ စင်ကာပူမှ F&N ပြန်လည်ဝင်ရောက်လာတော့မည်

စင်ကာပူနိုင်ငံမှ Fraser & Neave သည် မြန်မာနိုင်ငံ၏ ဘီယာဈေးကွက်တွင်းသို့ ပြန်လည် ဝင်ရောက်လာရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ကို ရရှိသွားပြီဖြစ်သည်။

ထို့ကြောင့် ၎င်းသည် မိတ်ဖက်ဟောင်းဖြစ်သည့် တပ်မတော်ပိုင် မြန်မာစီးပွားရေးဦးပိုင်လိမိတက်နှင့် ဈေးကွက်တွင်း၌ ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘီယာထုတ်လုပ်ဖြန့်ဖြူးရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ကို မြန်မာနိုင်ငံမှ ရွှေသံလွင်နှင့် F&N တို့ ဖက်စပ် ပူးပေါင်းထားသည့် Emerald Brewery က မတ် ၂၀ ရက်နေ့တွင် ရရှိခဲ့သည်။

စင်ကာပူမှ လုပ်ငန်းကြီးက ၎င်းတို့၏ လက်ခွဲလုပ်ငန်းတစ်ခုဖြစ်သည့် F&N Investment နှင့် မြန်မာနိုင်ငံမှ သံလွင်ဧရာ စက်မှု၊ ထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကာ “မြန်မာနိုင်ငံတွင် ဘီယာထုတ်လုပ်ရေး စူးစမ်းလေ့လာမည်” ဟု ပြီးခဲ့သည့် ဒီဇင်ဘာလက ကြေညာခဲ့သည်။

ပြီးခဲ့သည့်ဒီဇင်ဘာလတွင် Emerald Brewery Myanmar Ltd ကို ပြည်တွင်း၌ မှတ်ပုံတင်ခဲ့သည်။ ထိုလုပ်ငန်းကို F&N Investment က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး သံလွင်ဧရာက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ဘီယာချက်လုပ်ငန်းဖြစ်သည့် Myanmar Brewery တွင် ၎င်းတို့ ပိုင်ဆိုင်သည့် ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံမှ Kirin Holdings ထံ အမေရိကန်ဒေါ်လာ သန်း ၅၆၀ ဖြင့် ရောင်းချခဲ့သည်မှာ သုံးနှစ်ပင် မပြည့်သေးချိန်တွင် F&N က မြန်မာနိုင်ငံသို့ တကျော့ပြန် ဝင်လာခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က ရောင်းချခဲ့မှုသည် F&N နှင့် ပြည်တွင်းမှ မိတ်ဖက်ဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်တို့အကြား စင်ကာပူတွင် နှစ်နှစ်ကြာဖြစ်ပွားခဲ့သည့် တရားရင်ဆိုင်မှု၏ အဆုံးသတ်လည်းဖြစ်သည်။ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်သည် တပ်မတော်က ပိုင်ဆိုင်သည့် လုပ်ငန်းများအနက် တစ်ခုဖြစ်သည်။

စီစဉ်ထားသည့်အတိုင်း ဘီယာချက်စက်ရုံ တည်ထောင်ဖြစ်ခဲ့ပါက F&N အနေဖြင့် ပြည်တွင်း၌ ရှိနေပြီးဖြစ်သည့် Heineken နှင့် Carlsberg တို့ကိုလည်း ဈေးကွက်ထဲ၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

F&N ထံမှ တစ်စုံတစ်ရာ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar