ဘိလပ်မြေစက်ရုံများကြောင့် လေထီးတောင်ဝန်းကျင်မှ ကရင်ဒေသခံများ စိုးရိမ်ပူပန်နေ

ဆုမြတ်မွန် ရေးသားသည်။

ကရင်ပြည်နယ်၊ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ လေထီးတောင်အနီးတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ကုမ္ပဏီတစ်ချို့က ကြိုးစားလာမှုကြောင့် စိုးရိမ်ပူပန်သည်ဟု ဒေသခံ ကရင်တိုင်းရင်းသားများက ပြောကြားကြသည်။

“မျိုးဆက်များ၏ မိခင်ခေါ် လေထီးတောင်သည် စက်ရုံများကြောင့် ပျက်စီးသွားလျှင် အနီးပတ်ဝန်းကျင်ရှိ လူတို့၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးနိုင်ပြီး၊ သူတို့ရဲ့ ယဉ်ကျေးမှုပါ ပျောက်ပျက်သွားနိုင်တာကြောင့် ၎င်းတို့အနေဖြင့် မိမိ၏ကျေးဇူးရှင်ကို ကာကွယ်ရန် တာဝန်ရှိပါတယ်” ဟု သံလွင်ကွန်ယက်ကို စတင်ဦးဆောင်သော မရင်းကုန်းရွာမှ ဆရာတော်ဦးဝီရိက မိန့်ကြားသည်။

လေထီးတောင်မှ ကုန်ကြမ်းထုတ်ယူကာ ဘီလပ်မြေစက်ရုံတည်ဆောက်ရန်အပြင် လက်ရှိလည်ပတ်နေသည့် တန် ၄,၀၀၀ ကျ မြိုင်ကလေး ဘိလပ်မြေစက်ရုံအား ကျောက်မီးသွေးဖြင့် လည်ပတ်ရန် စီစဉ်လာသဖြင့် ဒေသခံ ကရင်တိုင်းရင်းသား ၆၀၀ ခန့်က စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။

ဘိလပ်မြေစက်ရုံများကြောင့် ထိခိုက်နစ်နာမှုများနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းအပေါ် အကျိုးသက်ရောက်မှုများကို လေ့လာထားသည့် သုတေသနစစ်တမ်းတစ်ခုကို သံလွင်ကွန်ယက်၏ ဦးဆောင်မှုဖြင့် ၂၀၁၂ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ပြီးနောက် တွေ့ရှိချက်များကို ရေးသားပြုစုထားသည့် စာအုပ်ကို မျိုးဆက်များ၏ မိခင်အမည်ဖြင့် စက်တင်ဘာ ၂၇ ရက်နေ့က ထုတ်ဝေခဲ့ကြသည်။

သံလွန်မြစ်သည် မျိုးဆက်များ၏ မိခင်ဖြစ်ပြီး၊ သံလွင်မြစ်ကို မှီခိုကာ တစ်သက်လုံး စားသောက်လာခဲ့ရသည့်အတွက် ကျေဇူးကြီးကြောင်းနှင့် အနီးပတ်ဝန်းကျင် ရွာများကလည်း ၎င်း၏ ထွက်ကုန်ဖြစ်သော ဆန်၊ ငါး၊ ပုစွန်အစရှိသည်တို့ကို မှီခိုကာ စားသောက်နေကြရသည်ဟု ၎င်းတို့က ပြောကြားသည်။

မရင်းကုန်းရွာမှ နော်အဲ့ဖော့က ၎င်းတို့ဘဝများကို ကူညီပေးနေသော လေထီးတောင်ကို ကုမ္ပဏီတစ်ချို့က စက်ရုံများဆောက်လုပ်ရန် ရည်ရွယ်ကာ လာရောက်လေ့လာမှုများ ရှိနေသောကြောင့် လေထီးတောင်အနီးမှ ၎င်းတို့ ရွာသူ ရွာသားများမှာလည်း ၂၀၁၂ ခုနှစ်ကတည်းက ကြောက်ရွံ့မှုများရှိခဲ့သည်ဟု ပြောကြားသည်။

ဒေသခံများ အလေးအမြတ်ထားသည့် လေထီးတောင်။ ဓာတ်ပုံ-သိမ့်မွန်စိုး(J)

ဒေသခံများ အလေးအမြတ်ထားသည့် လေထီးတောင်။ ဓာတ်ပုံ-သိမ့်မွန်စိုး(J)

“အဲဒီအချိန်ကစလို့ ကျွန်မတို့က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုသေသနများလုပ်ကာ စာအုပ်ထုတ်ရန်ကြိုးစားခဲ့ကြပြီး၊ အဲဒီစာအုပ်က အချက်အလက်တွေနဲ့ ကျွန်မတို့ရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ထောက်ပြနိုင်ရန် ရည်ရွယ်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

“ကုမ္ပဏီတွေကတော့ သံလွင်မြစ်ရေလွမ်းနေချိန်မှာ မစိုက်ပျိုးသောမြေအဖြစ် အစိုးရကို လျှောက်လွာတင်ဖို့ရန် လာရောက်ကြည့်ရှုကြပါတယ်။ ဒါပေမယ့် အဲဒါက အဲလိုမဟုတ်ပါဘူး။ ရေကျသွားတဲ့အခါ ကျွန်မတို့ စပါးစိုက်ပျိုးပါတယ်။ ပြီးတော့ ဂူထဲမှာကျန်နေတဲ့ ရေတွေမှာ ငါးတွေ ဖမ်းပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ လေထီးတောင်တွင် ဒေသခံများ အထွတ်အမြတ်ထားသည့် ထုံးကျောက် လှိုဏ်ဂူများရှိနေသလို စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများလည်း တည်ရှိသည်။

အဆိုပါဒေသတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက တည်ဆောက်လည်ပတ်နေသည့် တပ်မတော်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ တန် ၄,၀၀၀ ကျ မြိုင်ကလေးဘိလပ်မြေစက်ရုံ တည်ဆောက်စဉ်ကပင် ဒေသခံကျေးရွာများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းတို့က ပြောကြားသည်။

“တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံတည်ဆောက်ပြီးကတည်းက ရွာသားတွေဟာ ထိခိုက်ခဲ့ရပါတယ်။ စက်ရုံအနေနဲ့ ရွာသားတွေ ထိခိုက်နစ်နာမှုအတွက် တစ်ပြားတစ်ချပ်မှ မပေးခဲ့ပါဘူး။ ရွာသားတွေဟာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့အတွက် ရွေ့ပြောင်းခဲ့ရပြီး၊ နစ်နာဆုံးရှုံးမှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်” ဟု မြိုင်ကလေးရွာမှ ရာအိမ်မှုး ဦးစိုးစံထွန်းက ပြောသည်။

ထို့ပြင် စက်ရုံကြောင့် လေထုညစ်ညမ်းများ ဖြစ်ပေါ်သဖြင့် ကျန်းမာရေးအရ ထိခိုက်နစ်နာမှုများလည်း ရှိနေသည်ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့အနေနဲ့ မိုးရာသီမှာ လေထုညစ်ညမ်းမှုကို မသိရပေမယ့် နွေနဲ့ ဆောင်းရာသီတွေမှာ ဖုန်မှုန့်တွေဟာ အိမ်တွေမှာရော၊ သစ်ပင်တွေမှာရော အများကြီးတွေ့ရပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် စွမ်းအင်လိုအပ်ချက်ကြောင့် စက်ရုံအား ကျောက်မီးသွေးဖြင့် ပြောင်းလဲလည်ပတ်ရန် စီစဉ်ထားသည်ဟုလည်း စက်ရုံတာဝန်ရှိသူများက ၎င်းတို့အား ပြောကြားလာသဖြင့် ဒေသခံများ၏ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

“စက်တင်ဘာ ၁၇ ရက်က စက်ရုံကအရာရှိတွေ လာရောက်ပြီးတော့ ကျွန်တော်တို့တစ်ရွာကို ဘိလပ်မြေအိတ် ၅၀ စီပေးပြီး ဘောလုံးသုံးလုံးစီလည်း ပေးပါတယ်။ ပြီးတော့ လောင်စာဆီ လိုအပ်ချက်ကြောင့် ကျောက်မီးသွေး ပြောင်းသုံးမယ်ဆိုတာကိုပါ ပြောသွားပါတယ်” ဟု ဦစိုးစံထွန်းက ပြောသည်။

ဘိလပ်မြေစက်ရုံမှ အင်ဂျင်နီယာချုပ် ဦးမိုးဝင်းနှင့် လက်ထောက်စက်ရုံမှူး ဦးညီညီတို့က ရွာမှ လူ ၅၀ ခန့်နှင့် တွေ့ဆုံပြီးနောက် ကျောက်မီးသွေးသုံးခြင်းအားဖြင့် လူနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိနိုင်ကြောင်း ရှင်းပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့အနေနဲ့ အဲဒါတွေကို လက်မခံနိုင်ပါဘူး။ စက်တင်ဘာလ ၁၈ ရက်ကတည်းက ကျွန်တော်တို့ရွာ၂၀ က ပူးပေါင်းပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြီးပါပြီ” ဟု ဦးစိုးစံထွန်းကပြောသည်။

“ကျွန်တော်တို့ကို စက်ရုံကအရင်က ဒီလိုခေါ်တာတစ်ခါမှ မရှိခဲ့ပါဘူး။ ပြီးတော့ ဒီလောက် ဘိလပ်မြေပမာဏနဲ့ ရွာအတွက် ဘာမှ လုပ်လို့မရပါဘူး။ ကျွန်တော်တို့က ဒီလောက်ပမာဏနဲ့ ရွာအတွက် မစွန့်စားနိုင်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး Frontier က စက်ရုံတာဝန်ရှိသူများထံ သွားရောက်မေးမြန်းရာ လက်ထောက်စစ်ရုံမှူး ဦးညီညီက “ကျွန်တော့်အနေနဲ့ ဒီကိစ္စအတွက် ဘာမှ ပြောပိုင်ခွင့်မရှိပါဘူး။ ပြီးတော့ ရွာကလူတွေကိုပဲ သွားမေးပါ။ သူတို့အကုန်သိပါတယ်” ဟု ပြောကြားသည်။

မြိုင်ကလေး ဘိလပ်မြေစက်ရုံ။ ဓာတ်ပုံ-သိမ့်မွန်စိုး(J)

မြိုင်ကလေး ဘိလပ်မြေစက်ရုံ။ ဓာတ်ပုံ-သိမ့်မွန်စိုး(J)

ယခင် အစိုးရလက်ထက်က ကရင်ပြည်နယ်အစိုးရ၏ လျှပ်စစ်နှင့် စက်မှုလုပ်ငန်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူနှင့် ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဦးစောကြည်လင်းက အစိုးရအနေဖြင့် ပြည်သူများ၏ အသံကို နားထောင်ရန် လိုအပ်သည်ဟု ပြောကြားသည်။

“အစိုးရပိုင်းအနေနဲ့ ပြည်သူလူထုရဲ့ အသံကို နားထောင်ရမှာဖြစ်ပါတယ်။ ထိုသို့ မဟုတ်ရင်တော့ သူ့ရဲ့ သက်တမ်း ငါးနှစ်ပဲပေါ့” ဟု ၎င်းကပြောသည်။

“ဘိလပ်မြေစက်ရုံအနေနဲ့ ကောင်းကျိုးရှိသလို၊ ဆိုးကျိုးလည်း ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ထုတ်ကုန်ကို သုံးရတဲ့အခါကျတော့ ပိုအကျိုးရှိပြီး၊ သူများနိုင်ငံရဲ့ ထုတ်ကုန်ကို မှီခိုရတဲ့အခါကျတော့ အခက်အခဲရှိနိုင်ပါတယ်။ ပြီးတော့ တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံအနေနဲ့ ကျောက်မီးသွေးသုံးမယ်ဆိုရင်တော့ အစိုးရအနေနဲ့ ခွင့်ပြုမယ်၊ မပြုဘူးဆိုတာကတော့ နိုင်ငံရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ အဲဟာကတော့ ကျွဲကူးရေပါ ဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

စက်ရုံများကြောင့် ဒေသပတ်ဝန်းကျင်နှင့် လူထုအပေါ် အကျိုးသက်ရောက်မှုများကို သုတေသပြုထားသည့် စာအုပ်ကလည်း ပြည်သူလူထုအတွက် များစွာအထောက်အကူဖြစ်ပြီး၊ သဘာဝ ပတ်ဝန်းကျင် မည်မ ျှ ပျက်စီးဆုံးရှုံးခဲ့သည်ဆိုသည်ကို စီးပွားရေးသမားများအား ထောက်ပြနိုင်မည်ဟု ၎င်းကပြောသည်။

စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်ရန် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့သော်လည်း တစ်ဦးမ ျှ တက်ရောက်ခဲ့ခြင်းမရှိပေ။

သို့သော်လည်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မွန်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သူ ဦးမင်းတင်ဝင်းကမူ မြိုင်ကလေးအနီးရှိ ကျေးရွာမှ တာဝန်ရှိသူများသည် ဖားအံမြို့သို့ မကြာသေးမီက လာရောက်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ပြောကြားသည်။

သို့သော် စက်ရုံတွင် ကျောက်မီးသွေးအသုံးပြုရန်အတွက်ကိုမူ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက အစိုးရထံ တင်ပြမှုမရှိသေးဟု ၎င်းကပြောကြားသည်။

“သူတို့တင်ပြလာရင်တော့ အစိုးရက စဉ်းစားပေးရမှာပေါ့” ဟု ၎င်းကပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar