ဘားနှင့် ကေတီဗွီများ ည ၁၁ နာရီ ပိတ်ရမည်ဆိုသည့်ကိစ္စ တရားဝင် မဖြစ်သေး

ရန်ကုန်၊ မေ ၁၂

ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထွက်ပေါ်ခဲ့သည့် ဘား၊ ကေတီဗွီနှင့် ဘီယာဆိုင်၊ အရက်ဆိုင်များ ည ၁၁ နာရီပိတ်ရမည်ဟူသည့် သတင်းနှင့် ပတ်သက်ပြီး တရားဝင်စာထုတ်ပြန်ထားခြင်း မရှိဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့်လုံခြံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ယနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအဆောက်အဦးတွင် ပြုလုပ်သည့် မူးယစ်နှိမ်နင်းရေးအဖွဲ့က လုပ်ဆောင်နေမှုများရှင်းလင်းပွဲတွင် ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

“လောလောဆယ် ကေတီဗွီတွေ၊ မာဆတ်တွေကို ည ၁၁ မှာ ရဲတွေ ဖမ်းနေတယ်ဆီးနေတယ်ဆိုပြီး ကျနော်တို့ ကြားနေရတာတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး မေးတဲ့အခါမှာလည်း အစိုးရအဖွဲ့က ဘာမှ ထုတ်ပြန်ထားတာ မရှိပါဘူး” ဟု နယ်/လုံဝန်ကြီးက ဆိုသည်။

ထိုကဲ့သို့ပြောဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားရာတွင် အဆိုပါအချက်ကို ထည့်သွင်းပြောကြားသွားခြင်း မရှိဘဲ သတင်းထောက်များကိုလည်း မေးခွန်း မေးမြန်းခွင့် မပြုခဲ့ပေ။

“ကျနော်ရောက်ပြီးမှ ဒီမင်္ဂလာတောင်ညွန့်စခန်းမှူး၊ သူ့ဟာသူ ည ၁၁ နာရီလောက်မှာ သူနဲ့ မတည့်တဲ့ ကေတီဗွီဝင်ဖမ်းတယ်။ ဒီဖက်မှာလည်း ကေတီဗွီတစ်ခုရှိတယ်၊ ဟိုဖက်မှာလည်း ကေတီဗွီတစ်ခုရှိတယ်။ ၁၁ နာရီကျော်လို့ဆိုပြီး ဒီဖက်ကဟာ သွားဝင်ဖမ်းတယ်။ ဟိုဖက်ကျတော့ ဖွင့်ထားတယ်။ ဆိုလိုတာက ဒါတွေဟာ ကောင်းတဲ့အစဉ်အလာ မဟုတ်ပါဘူး” ဟု နယ်/လုံဝန်ကြီးက ဆိုသည်။

ယခင်ရက်ပိုင်းများက ကေတီဗွီ၊ ဘားနှင့် ဘီယာဆိုင်ပိုင်ရှင်များနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ တွေ့ဆုံပြီးနောက် ည ၁၁ နာရီတွင် အဆိုပါဆိုင်များ ပိတ်ရမည်ဟု သက်ဆိုင်ရာက ညွှန်ကြားခဲ့သည်ဟူသည့် သတင်းများ လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုအချိန်ထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်း တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

သတင်း- မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar