ဘဏ်များ ဖွံ့ဖြိုးလာသော်လည်း ငွေစက္ကူကသာ အဓိက အရေးပါနေဆဲဖြစ်

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည်သာ တရားဝင်ဘဏ္ဍာရေး ဝန်ဆောင်မှုများကို အသုံးပြုကြသည်

ကျော်ဖုန်းကျော် ရေးသားသည်။

ဘဏ်တစ်ခုမှာ သင်အလှည့်ကို ထိုင်စောင့်နေရင်း ဟိုဟိုဒီဒီ လေ့လာကြည့်လိုက်ပါ။ သိပ်မကြာခင်မှာပဲ ဘဏ်မှ လူငယ်တစ်စုက သူတို့၏ ပုခုံးပေါ်တွင် ငွေစက္ကူများနှင့် ပြည့်နေသော ပလတ်စတစ်အိတ်ကြီးများကို ထမ်း၍ သယ်ဆောင်နေကြသည်ကို သင်မြင်တွေ့လိမ့်မည် ဖြစ်သည်။ ထိုအိတ်တစ်လုံးစီတွင် အမေရိကန်ဒေါ်လာ သောင်းပေါင်းများစွာ၊ တစ်ခါတစ်ရံတွင် ငွေစက္ကူအမျိုးအစားပေါ်မူတည်ပြီး ဒေါ်လာတစ်သိန်းအထိနှင့်ပင် ညီမ ျှသည့် ငွေစက္ကူများ ပါဝင်နိုင်သည်။ သူတို့က ထိုပိုက်ဆံထုတ်များကို ကြမ်းပြင်ပေါ်တွင် ပုံချပြီး တစ်ပုံစီတွင် အရွက် ၁၀၀ ပါဝင်သော ငွေထုတ်များကို ဖောက်သည်များရှေ့တွင် ရေတွက်နေသည်။ ဘယ်သူကမျှ မျက်တောင် တစ်ချက် မခတ်ပေ။

အနီးကပ် ကြည့်ရှုမည်ဆိုလျှင် ဘဏ်ထဲတွင် လေသန့်စင်စက်များ တပ်ဆင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းလေသန့်စက်များက ဖောက်သည်များနှင့် ဝန်ထမ်းများကို ငွေစက္ကူထုတ်များတွင် မလွဲမသွေ တွယ်ကပ်နေမည့် ဖုန်မှုန့်များ၊ မှှိုများ၏ အန္တရာယ်မှ ကာကွယ်ရန်ဖြစ်သည်။ ဘဏ်အတွင်း လေထုထဲမှ လွင့်ပါနေသည့် ဖုန်မှုန့်နှင့် မှိုများ သူတို့၏ အသက်ရှူလမ်းကြောင်းထဲသို့ မဝင်ရောက်စေရန် ဘဏ်ဝန်ထမ်းများကလည်း နှာခေါင်းစွပ်များ စွပ်ထားကြသည်။

“ကျပ် ၁,၀၀၀ တန်တွေက အညစ်ပတ်ဆုံးပဲ။ ဘာလို့လဲဆိုတော့ နေ့စဉ်ရောင်းဝယ် ဖောက်ကားရာမှာ ၁,၀၀၀ တန်ကိုပဲ အများဆုံး သုံးနေကြလို့ပါ။ အခုဆို ကျပ် ၅,၀၀၀ တန်တွေတောင် ညစ်ပတ်လာနေပါပြီ” ဟု ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်ကြီးတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။ “ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဆို ဒီညစ်ပတ်တဲ့ ပိုက်ဆံတွေနဲ့ ရေရှည် ထိတွေ့ရဖန်များလို့ အဆုတ်ထဲ ဝင်နေတဲ့ ဖုန်မှုန့်တွေကို ရှင်းထုတ်ဖို့ ဆေးရုံတင်ခဲ့ရသေးတယ်” ဟု ၎င်းကပြောသည်။

နိုင်ငံအတွင်းရှိသော ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၁,၅၀၀ ခန့်တွင် မြင်တွေ့ရသော မြင်ကွင်းများက တစ်နိုင်ငံလုံးတွင် ငွေကြေးကို မည်ကဲ့သို့ စုဆောင်းကြသည်ကို သရုပ်ဖော် ပြသနေသည်။

အိမ်ထောင်စု ၁,၀၀၀ ခန့်ရှိသော အုတ်ပုံရွာကလေးသည် ရန်ကုန်မြို့လယ်မှ မိုင် ၅၀ ခန့်သာ ကွာဝေးသည်။ လယ်သမားလည်းဖြစ်ပြီး ရွာသူကြီးလည်းဖြစ်သူ အသက် ၇၁ နှစ်ရှိသော ဦးအောင်ကြည်ညွန့်၏ အဆိုအရ ထိုရွာတွင် ဘဏ်စာရင်းရှိသူမှာ သူအပါအဝင် နှစ်ဦးသာ ရှိသည်ဟု ဆိုသည်။ အနီးဆုံး ဘဏ်ခွဲသည် ရွာမှ ကိုးမိုင်ခန့် ကွာဝေးသည်။ ဦးအောင်ကြည်ညွန့်ကတော့ ထိုဘဏ်ကို သူ မရောက်ဖြစ်သည်ပင် တစ်နှစ်ကျော်ပြီဟု ဆိုသည်။

တခြားရွာသားများက ဘဏ်တွင် အဘယ်ကြောင့် ငွေမစုကြသလဲဟု Frontier က မေးသောအခါ သူက ရယ်မော၍ “သူတို့မှာ စုစရာ ငွေမရှိကြပါဘူး” ဟု ပြန်ဖြေလေသည်။

ကမ္ဘာ့ဘဏ်၏ စာရင်းဇယားများအရ အဆိုပါ ရွာတစ်ခုတည်းက မစုဆောင်းကြခြင်း မဟုတ်ပေ။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည်သာ တရားဝင် ဘဏ္ဍာရေးဝန်ဆောင်မှုများကို အသုံးပြုကြသည်ဟု ဆိုသည်။ သုတေသန လုပ်ငန်းတစ်ခုဖြစ်သော New Crossroads Asia ၏ စစ်တမ်းအရ ဘဏ်သို့ လာရောက်သော လူများ၏ ၃၇ ရာနှုန်းတွင် ဘဏ်စာရင်း မရှိကြဟုဆိုသည်။ ၎င်းတို့က ငွေလွှဲခြင်းများကို လာရောက် ထုတ်ယူရန်အတွက်သာ ဘဏ်သို့ လာရောက်ကြခြင်း ဖြစ်သည်။

သင် မည်သည့်နေရာကို ကြည့်သည်ဖြစ်စေ ငွေသားကိုသာ အဓိက သုံးစွဲနေကြကို တွေ့မြင်ရမည်ဖြစ်သည်။ ရောင်းဝယ်ဖောက်ကားမှု အနည်းငယ်ခန့်ကိုသာ အီလက်ထရောနစ် ငွေလွှဲစနစ်ကို အသုံးပြု၍ ဆောင်ရွက်နေကြသည်။ တိုက်ခန်းများ ဝယ်ယူခြင်း၊ ကားဝယ်ခြင်းအစရှိသော ပမာဏကြီးမားသည့် ငွေပေးချေမှုများကိုပင် ငွေသားဖြင့် ပေးချေ ဆောင်ရွက်နေကြသည်။ အီလက်ထရောနစ် ငွေလွှဲစနစ်ကို အသုံးပြုကြရန် တိုက်တွန်းကြိုးပမ်းခြင်းများက အသင့်အတင့်သာ အောင်မြင်နေပြီး အချို့နေရာများတွင် လုံးဝပင် မအောင်မြင်ပေ။

မြန်မာနိုင်ငံ၏ ပထမဆုံး ATM ကတ်များကို ပုဂ္ဂလိကပိုင် မြန်မာမေဖလားဝါးဘဏ် (Myanmar Mayflower Bank) က ၁၉၉၅ ခုနှစ်တွင် စတင်မိတ်ဆက်ပေးခဲ့သည်။ အခြား ပုဂ္ဂလိကဘဏ်များကလည်း ATM ကတ်များ ဆက်လက် ထုတ်ပေးခဲ့ကြသည်။ သို့သော် ATM ကတ်များ အသုံးပြုခြင်းကို ၂၀၀၃ ခုနှစ်တွင် ဘဏ်များ အကျပ်အတည်း ဖြစ်ပွားသောအခါ ရပ်ဆိုင်းခဲ့ကြရသည်။ နောက်ရှစ်နှစ်ကြာသည်အထိ အသုံးမပြုသော Point of Sale- POS စက်များနှင့် ဘဏ်များ၏ ရှေ့တွင်ရှိသော ATM စက်များက အီလက်ထရောနစ် ငွေလွှဲပြောင်းစနစ် အသုံးပြုကြရန် စမ်းသပ်ခဲ့ကြသည့်ကာလ၏ အမှတ်ရစရာများအဖြစ်သာ ကျန်ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် MPU ကတ် ၁ ဒသမ ၈ သန်းကို လက်ရှိ သုံးစွဲနေကြသည်။ ဓာတ်ပုံ-မာရို ဗာလီ

မြန်မာနိုင်ငံတွင် MPU ကတ် ၁ ဒသမ ၈ သန်းကို လက်ရှိ သုံးစွဲနေကြသည်။ ဓာတ်ပုံ-မာရို ဗာလီ

၂၀၁၁ ခုနှစ်တွင် Myanmar Payment Union (MPU) ကို ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ဘဏ်ပေါင်း ၂၃ ဘဏ်ဖြင့် စတင်တည်ထောင်ခဲ့သည်။ နောက်တစ်နှစ်တွင် ATM ကတ်များနှင့် စက်များသည် ပြန်လည် ရှင်သန်နိုးထလာခဲ့သည်။ အသုံးပြုသူများသည်လည်း MPU နှင့် ချိတ်ဆက်ထားသော နိုင်ငံတွင်းရှိ မည်သည့် ATM စက်များတွင်မဆို သူတို့၏ ကတ်များကို အသုံပြုကာ ငွေထုတ်ယူနိုင်လာသည်။

MPU ၏ အဆိုအရ MPU ကတ် ၁ ဒသမ ၈ သန်းကို လက်ရှိ သုံးစွဲနေကြသည်။ ထိုကတ်များကို နိုင်ငံအတွင်းရှိ ATM စက်ပေါင်း ၁,၅၀၀ ခန့်နှင့် POS terminals ပေါင်း ၃,၀၀၀ ခန့်တွင် အသုံးပြုနိုင်သည်ဟု ဆိုသည်။ ထိုကတ်များကို နိုင်ငံရပ်ခြားတွင်ပင် အသုံးပြုနိုင်သည်များလည်း ရှိသည်။ MPU နှင့် နိုင်ငံတကာ ကြွေးဝယ်ကဒ် ထုတ်လုပ်သူ နှစ်ဖွဲ့ဖြစ်သည့် Japan Credit Bureau (JCB) နှင့် တရုတ်နိုင်ငံမှ UnionPay International (UPI) တို့နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် ဘဏ်မဟုတ်သော အခြားအဖွဲ့အစည်းများက ထုတ်လုပ်သည့် iPay နှင့် Ok Dollar ကဲ့သို့ ငွေပေးချေသည့် ကတ်များလည်း ရှိနေသည်။ သို့သာ် ၎င်းတို့ကို ကျယ်ပြန့်စွာ အသုံးပြုခြင်း မရှိကြသေးပေ။

သို့သော် ကတ်အခြေခံစနစ်များ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်လာရေးအတွက် ကျော်လွှားရမည့် စိန်ခေါ်မှု အများအပြား ရှိနေသေးသည်။ ပထမတစ်ခုမှာ ယုံကြည်မှု ဖြစ်သည်။

အသုံးပြုသူများအနေဖြင့် ATM စက်များ၏ အမှားများကြောင့် မကြာခဏ သက်ဆိုင်ရာ ဘဏ်များသို့ ပြန်လည်ဆက်သွယ် တိုင်တန်းနေကြရသည်။ အဖြစ်အများဆုံး အမှားမှာ ထုတ်ယူရန် တောင်းခံသောငွေကို ATM စက်က ထုတ်မပေးဘဲ ငွေစာရင်းထဲမှ ငွေများ ဖြတ်တောက်ခံနေရခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် တောင်းခံသည့် ငွေအပြင် ကတ်ပါ စက်ထဲမှ ထွက်မလာခြင်းမျိုးပါ ကြုံတွေ့ရသည်ဟု ဆိုသည်။

တစ်ခါတစ်ရံတွင်မူ ATM စက်ထဲတွင် ထုတ်ပေးရန် ငွေကုန်နေခြင်း၊ စက်ပျက်နေခြင်းမျိုး ကြုံရသဖြင့် ငွေကို အရေးတကြီး လိုအပ်နေသော အသုံးပြုသူများအတွက် အဆင်မပြေမှုကို ဖြစ်စေသည်ဟု ဆိုသည်။ အကျိုးဆက်အနေဖြင့် လူအများသည် ကတ်များကို မှီခိုအားထားလိုခြင်း မရှိကြတော့ဘဲ ငွေသားကိုသာ ကိုင်ဆောင်လိုကြသည်။

ထိုသို့သော ဆိုးရွားသည့် အတွေ့အကြုံများသည် များသောအားဖြင့် လျှပ်စစ်မီးနှင့် အင်တာနက် ပြတ်တောက်သောကြောင့်ဖြစ်ပြီး သုံးဆွဲသူများက ၎င်းတို့၏ အတွေ့အကြုံများကို လူမှုကွန်ယက်များအပေါ်တွင် မျှဝေကြသောကြောင့် အကျိုးဆက်မှာ ပိုမိုဆိုးရွားသွားသည်။

ဇွန်လ ၂၁ ရက်နေ့တွင် ပန်းသီးဟု အမည်ရသော ဖေ့စ်ဘွတ် အသုံးပြုသူတစ်ဦးက ၎င်းကြုံတွေ့ခဲ့ ရသော ATM စက်၏ အမှားတစ်ခုအကြောင်း ရေးသား မျှဝေထားသည်။ သူက ရေးသားထားသည်မှာ အမျိုးသမီးတစ်ဦးသည် ATM စက်တွင် ငွေထုတ်ယူနေရာ မအောင်မြင်ခဲ့ပေ။ ငွေမထွက်လာသောကြောင့် ပြန်လည်ထွက်ခွာသွားသောအခါမှ စက်အတွင်းမှ ငွေများ ထွက်လာခဲ့သည်။ ထိုငွေများကို နောက်မှ ရပ်နေသော လူနှစ်ယောက်က ယူသွားကြသည်ကို တွေ့ရှိခဲ့ရသည်ဟု ၎င်းက ရေးသားထားသည်။ သူ၏ ရေးသားထားကို နှစ်ရက်အတွင်းမှာပင် အကြိမ်ပေါင်း ၆,၀၀၀ ကျော်   အွန်လိုင်းပေါ်တွင် ဝေမျှခဲ့ကြပြီး အနုတ်သဘောဆောင်သော မှတ်ချက်များစွာ ရရှိခဲ့သည်။

MPU ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးဇော်လင်းထွဋ်က ATM စက်များ ပြဿနာဖြစ်နေရခြင်းမှာ အခြေခံအဆောက်အအုံများ မကောင်းသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အင်တာနက် ကောင်းရင်၊ ပိုမို ဖြန့်ကျက်ထားနိုင်ရင် ဒီပြဿနာက ပြေလည်သွားမှာပါ။ ဘဏ်တွေကလည်း သူတို့ရဲ့ စနစ်တွေ အမှားအယွင်းမရှိအောင် ခေတ်မီနည်းပညာသစ်တွေ ရရှိရင် ပေါ့” ဟု ၎င်းက Frontier ကို ပြောသည်။

ထိုသို့ အင်တာနက်လိုင်း ပြတ်တောက်မှုကို ဘဏ်များက တုန့်ပြန်သည့် နည်းလမ်းတစ်ခုမှာ ကိုယ်ပိုင် အင်တာနက်လိုင်းကို တည်ဆောက်လိုက်ခြင်းဖြစ်သည်။ ဇွန်လတွင် KBZ Gateway က ဘဏ်ခွဲများ၊ ATM စက်များနှင့် POS terminals များကို ပုံမှန်အင်တာနက်ပေးနိုင်ရန် အသုံးပြုနိုင်မည့် ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုစနစ်ကို စတင်ခဲ့သည်။

အီလက်ထရောနစ် ငွေလွှဲပြောင်းခြင်းသည် သုံးစွဲသူကို တစ်ခါတစ်ရံတွင် ကုန်ကျစရိတ် များစေနိုင်သော်လည်း ငွေသားကိုသာ အသုံးပြုသောစနစ်ကမူ ပိုမိုကျယ်ပြန့်သော စီးပွားရေးအတွက် ဝန်ထုတ်ဝန်ပိုးကို ဖြစ်စေပါသည်ဟု GIZ Myanmar အဖွဲ့အစည်း၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ဦးစံသိန်းက ပြောကြားသည်။ GIZ Myanmar အဖွဲ့အစည်းသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေသော ဂျာမဏီအစိုးရ၏ အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ငွေသားကိုသာ အသုံးပြုသော စီးပွားရေးစနစ်သည် အချိန်အရသော်လည်းကောင်း၊ ရောင်းဝယ်မှု ကုန်ကျစရိတ်အရသော်လည်းကောင်း၊ မလိုအပ်သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ ငွေစက္ကူ အဟောင်းများကို အသစ်နှင့် ပြန်လည်လဲပေးရခြင်းသည်ပင် ဗဟိုဘဏ်အတွက် ဘဏ္ဍာရေးဝန်ထုတ် ဝန်ပိုးတစ်ခု ဖြစ်နေနိုင်ပါသည်ဟု ဦးစံသိန်းက ပြောကြားသည်။

ငွေသားကို အသုံးပြုမှု လျှော့ချခြင်းနှင့် ဘဏ်များတွင် စုငွေများ ပိုမိုထားရှိလာကြခြင်းသည် အစိုးရအတွက် ငွေကြေးဆိုင်ရာ မူဝါဒများကို ပိုမိုလွယ်ကူစွာ စီမံခန့်ခွဲလာနိုင်စေမည် ဖြစ်သည်။

“မြန်မာနိုင်ငံက ငွေသားမပါဝင်တဲ့ ဘဏ္ဍာရေးစနစ်ကို ပြောင်းရွှေ့ဖို့ လိုအပ်နေပါပြီ။ ဒါပေမယ့် ပထမဆုံး ရင်ဆိုင်ရမယ့် အတားအဆီးတွေက အများကြီးပါ” ဟု ဦးစံသိန်းက ပြောကြားသည်။

ငွေသားမပါဝင်သော ဘဏ်စနစ်တွင် လူအများ ယုံကြည်မှု တိုးပွားလာစေရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်။ သို့ရာတွင် ဘဏ်စနစ်သည် ၂၀၀၃ ခုနှစ် အကျပ်အတည်း၏ ရိုက်ခတ်မှုများမှ နလံထူနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ဇန်နဝါရီလတွင် အပြောင်းအလဲတစ်ခု ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ခေတ်မမှီတော့သော ၁၉၉၀ ပြည့်နှစ်က ဥပဒေကို ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေ (Financial Institutions Law) အသစ်နှင့် အစားထိုး ပြဌာန်းလိုက်ခြင်း ဖြစ်သည်။ ဥပဒေထဲတွင် ဒစ်ဂျစ်တယ် ဘဏ်စနစ်အတွက် အပိုဒ်ခွဲများ ပါဝင်လာသည်။ ထိုဥပဒေက ဘဏ္ဍာရေးကဏ္ဍများတွင် အီလက်ထရောနစ် ရောင်းဝယ်ဖောက်ကားမှု စနစ်ကို တွန်းအားပေးနိုင်ရန် စင်မြင့်တစ်ခုအနေဖြင့် လုပ်ဆောင်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်ဟု လေ့လာသူများက Frontier ကို ပြောကြားသည်။ မတ်လတွင် ဗဟိုဘဏ်သည် မိုဘိုင်းငွေကြေးဝန်ဆောင်မှု (Mobile Financial Services) လုပ်ထုံး လုပ်နည်းများကို နောက်ဆက်တွဲအနေဖြင့် ထည့်သွင်း ပြဌာန်းခဲ့သည်။

အပြောင်းအလဲများသည် သိသာထင်ရှားလာသည်။ မကြာသေးမီ ကာလများတွင် ပုဂ္ဂလိက ဘဏ်တစ်ချို့က အကြွေးဝယ်ကတ် (credit card) များကို စတင်ထုတ်ပေးလာကြသည်။ သို့သောာ် မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ်များကို ကွပ်ကဲနိုင်ရန် credit bureau မရှိသေးချေ။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ထိုးဖောက်ဝင်ရောက်မှုသည် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ပြီး မိုဘိုင်းဖုန်း အသုံးပြုသူ သန်း ၄၀ ခန့် ရှိနေပြီဖြစ်သည်။ ထိုသို့ စမတ်ဖုန်းများ လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာခြင်းသည် ဘဏ်ဝန်ဆောင်မှုများအတွက် ဘဏ်ခွဲပြင်ပတွင် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အလားအလာကောင်းများကို ပေးထားသည်။ အချို့ဘဏ်များသည် ဘဏ်တစ်ခုတည်းအတွင်း ဘဏ်စာရင်းများ အချင်းချင်း မိုဘိုင်းစနစ်ဖြင့် ရောင်းဝယ်ဖောက်ကားခြင်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် တွေ့ရသည့် ကမ္ဘာလှည့်ခရီးသည် တစ်ဦး။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် တွေ့ရသည့် ကမ္ဘာလှည့်ခရီးသည် တစ်ဦး။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ကမ္ဘာ့ရတနာဘဏ် (Global Treasure Bank) ၏ ဒုတိယ စီမံခန့်ခွဲရေး ဒါရိုက်တာ ဒေါက်တာ လှညွန့်က မိုဘိုင်းဖုန်းအခြေပြု ဘဏ်စနစ်များသည် အဆောက်အဦးနှင့် မော်တော်ကားတို့ကို သုံးဆွဲနေရသော ဘဏ်ခွဲများကို လျင်မြန်စွာ ကျော်တက်နိုင်မည်ဟု ယုံကြည်သည်ဟု ဆိုသည်။

မိုဘိုင်းအခြေပြု ဘဏ်ဝန်ဆောင်မှုအသစ်များကို မိတ်ဆက်ပေးခြင်းကို ဘဏ္ဍာရေး လုပ်ဆောင်မှုပိုင်းဆိုင်ရာ အသိပညာပေး အစီအစဉ်များနှင့် တွဲလျှက် လုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက သတိပေးထားသည်။

အီလက်ထရောနစ် ငွေပေးချေမှုစနစ်သို့ ပြောင်းလဲခြင်းများသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာရမည့် ဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း အချို့သော တိုးတက်ပြောင်းလဲမှုများကို လာမည့်ငါးနှစ်တာ ကာလအတွင်းတွင်ပင် မြင်တွေ့ရနိုင်သည်ဟု ဆိုသည်။

ငွေသားကင်းမဲ့သော လူမှုအဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲရန်ဆိုလျှင် ကြီးမားသော အတားအဆီးများ ရှိနေသေးသည်ဟု MPU မှ ဦးဇော်လင်းထွဋ်က ပြောကြားသည်။ အိမ်နီးချင်းနိုင်ငံများတွင် အကြွေးဝယ်ကတ်များကို အသုံးပြုလာကြသည်မှာ အနှစ် ၂၀ ကျော်ပြီဖြစ်သော်လည်း အတိုင်းအတာ တစ်ခုအထိ ငွေသားကို အသုံးပြုနေရဆဲ ဖြစ်သည်ဟု ၎င်းကဆိုသည်။

အဓိက စိန်ခေါ်မှုမှာ အခြေခံအဆောက်အအုံ ဖြစ်သည်။ မြန်မာနိုင်ငံ၏ နေရာအများအပြားတွင် အားထားရသော အင်တာနက် ဆက်သွယ်ရေးကို မရရှိနိုင်သေးပေ။ နိုင်ငံတွင်ရှိ အိမ်ထောင်စုများ၏ သုံးပုံတစ်ပုံသည်သာ လျှပ်စစ်မီးကို ရရှိကြသေးသည်။

ပညာရေးကလည်း မရှိမဖြစ် လိုအပ်သည်ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။ “ကျွန်တော်တို့က ခေတ်မီ နည်းပညာတွေဆီ ခုန်ပျံကျော်လွှားသွားလို့ ရတယ်။ ဒါပေမယ့် ဒါကို အသုံးပြုနိုင်ဖို့ ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။ ငွေပေးချေမှုကတ်တွေနဲ့ အီလက်ထရောနစ် ငွေပေးချေမှုစနစ်တွေကို အသုံးပြုခြင်းရဲ့ ကောင်းကျိုးတွေကို လူတွေသိရှိနိုင်ဖို့ မီဒီယာတွေက လုပ်ဆောင်ပေးရမယ်” ဟု ၎င်းကပြောသည်။

ကတ်ဖြင့် ငွေပေးချေသည့် စနစ်ကို ကုန်သည်များ လက်ခံလာစေရန် အခွန်ဆိုင်ရာ အထူးခံစားခွင့်များ ပေးရန် အစိုးရကို ၎င်းက တိုက်တွန်းထားသည်။ ကတ်များ အသုံးပြုခြင်းဖြင့် အကျိုးရလဒ်ကောင်းများ ရရှိနိုင်သည်ဟု ၎င်းက ဆိုသည်။ ငွေကြေးစီးဆင်းမှုကို ပိုမိုလွယ်ကူစွာ စောင့်ကြည့် လေ့လာနိုင်ပြီး အခွန်ကောက်ခံရာတွင်လည်း ပိုမိုလွယ်ကူသွားမည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ဟာ ပိုမို လုံခြုံစိတ်ချရပြီး လွယ်ကူသက်သာတဲ့ ဒစ်ဂျစ်တယ် နည်းလမ်းနဲ့ ငွေပေးချေမှု ယဉ်ကျေးမှုကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရပါမယ်” ဟု ၎င်းက ဆိုသည်။

တစ်နေ့နေ့တွင် ငွေသား မသုံးဘဲ ATM စက်မှ ကတ်ဖြင့် ငွေထုတ်ယူခြင်း၊ ကုန်ပစ္စည်း ဝယ်ယူခြင်းများကို လုပ်ဆောင်လာနိုင်မည်ဟု ယုံကြည်ပါသလားဟု လယ်သမား အဖိုးအို တစ်ဦးဖြစ်သော ဦးအောင်ကြည်ညွန့်ကို Frontier က မေးမြန်းသောအခါ သူက အနည်းငယ် ကြောင်သွားပြီး “ကျွန်တော် ATM ဆိုတဲ့ စကားကို ကြားဖူးတာ ဒါပထမဆုံးပဲ။ ခင်ဗျားပြောမှပဲ ပထမဆုံး ကြားဖူးတာဗျ” ဟု ပြန်လည်ဖြေကြားလေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.