ဉာဏ်လှိုင်လင်း ရေးသားသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ခိုက်၊ သတ်ဖြတ်မှုကျူးလွန်သူများကို အစွန်းရောက် အကြမ်းဖက်များလို့ အစိုးရက ခေါ်ဆိုပြီး ငါးရက်အကြာမှာ ဘင်္ဂါလီအကြမ်းဖက်သမား၊ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အဖြစ် တရားဝင် သတ်မှတ်ခေါ်ဆိုဖို့ အမျိုးသားလွှတ်တော်ကို တပ်မတော်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။
တရားဝင်စသုံး
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သြဂုတ် ၁၁ ရက်နေ့မှာထုတ်ပြန်တဲ့ “မောင်တောဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်”မှာ သတ်ဖြတ်တိုက်ခိုက်မှုဖြစ်စဉ် ကျူးလွန်သူတွေကို အစွန်းရောက် အကြမ်းဖက်များလို့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်စတင်သုံးနှုန်းလိုက်ပါတယ်။
အဲဒီဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီထုတ်ပြန်ချက်မထွက်လာခင် နှစ်ရက်အလိုမှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာကတည်းက ဒီကိစ္စအပေါ် အစိုးရနဲ့ တပ်မတော်တို့အကြား ဆွေးနွေးထားချက်ရှိတယ်လို့ Frontier ကိုပြောပါတယ်။
“အသေးစိတ်တော့ ပြောခွင့်မရှိပါဘူး။ အတိုင်ပင်ခံရုံးက နောက်ဆုံးထုတ်တဲ့ ကြေညာချက်မှာ အစွန်းရောက် အကြမ်းဖက်လုပ်ဆောင်ချက်ဆိုတာမျိုးထည့်ထားပါတယ်”လို့ သူက ဆိုပါတယ်။
လွှတ်တော်ကိုအရေးဆို
အဲဒီနောက် သြဂုတ် ၁၆ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအတွင်း ကိုယ်စားလှယ်အဖြစ် တာဝန်ကျနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးက ဘင်္ဂါလီလို့ပါ ထည့်သွင်းခေါ်ဆိုဖို့ တောင်းဆိုလိုက်တာပါ။
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုဖြစ်စဉ်တွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့၊ နေရပ်စွန့်ခွာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ဆက်လက် ရပ်တည်နိုင်ရေး ကူညီပေးဖို့ အဆိုတစ်ခုကို သူတို့ ပါဝင်ဆွေးနွေးစဉ်ပြောကြားကြတာပါ။
“ထိုသို့ကြေညာရန် အစိုးရနဲ့ လွှတ်တော်တို့ကလည်း တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ပါတယ်”လို့ ဗိုလ်မှူးကြီး စိုးရွှေက ထည့်ပြောခဲ့ပါတယ်။
ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးက“ အစိုးရနဲ့ လွှတ်တော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးခြင်းဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများက လူ့အခွင့်အရေးဗန်းပြပြီး ထောက်ပံ့ကူညီနေတာတွေ၊ မီဒီယာများ ဝါဒဖြန့် စည်းရုံးနေတာတွေရပ်တန့်သွားမှာဖြစ်ပြီး အကြမ်းဖက်ဥပဒေအရ ကူညီနိုင်မှာဖြစ်ပါတယ်”လို့ လွှတ်တော်ကို ရှင်းပြခဲ့ပါသေးတယ်။
ဒါမှသာ နိုင်ငံတကာကလည်း အကြမ်းဖက်တိုက်ဖျက်ရေးမှာ ကူညီလာနိုင်မယ်လို့ ယူဆကြောင်းလည်း တပ်မတော်အရာရှိတွေက ပြောကြားခဲ့ကြပါတယ်။
ဘာဆက်ဖြစ်မှာလဲ
တပ်မတော်သားတွေက အဲဒီလိုထည့်သွင်းတိုက်တွန်းခဲ့ပေမယ့် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ဖို့ ပြင်ဆင်ထားတဲ့ အဆိုမှာတော့ အဲဒီအကြောင်းမပါဝင်ပါဘူး။
လွှတ်တော်တွေကို လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာတွေပုံမှန်ထုတ်ပြန်လေ့ရှိတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်က ဦးထင်ကျော်အေးကတော့ တပ်မတော်ဖက်က တိုက်တွန်းချက်ဟာ မူရင်းအဆိုမှ မပါတဲ့ အကြောင်းအရာ ဖြစ်နေတာကြောင့် သက်ရောက်မှုမရှိနိုင်ဘူးလို့ ထောက်ပြပါတယ်။
“အခုဆွေးနွေးနေတဲ့အဆိုကို ပြန်ပြင်မယ်ဆိုရင်တောင်မှ အဆိုရှင်က ပြင်ဆင်ချက်အဆိုအဖြစ် အသစ်ထပ်တင်မှရမှာ။ မဟုတ်ရင် ဒီအဆိုအတည်ဖြစ်ဦး မူရင်းအဆိုနဲ့မဆိုင်တဲ့ တိုက်တွန်းချက်တွေဖြစ်လို့ ဘာမှဖြစ်လာမှ မဟုတ်ဘူး။ ဒီအကြောင်းကိုပဲ အဆိုအသစ်ထပ်တင်ရင်တော့ တင်နိုင်ပါတယ်”လို့ သူက Frontier ကို ပြောပါတယ်။
ဒါ့အပြင် ဒီအဆိုကို ကိုယ်စားလှယ် ၂၄ ဦးအထိ ဆွေးနွေးဖို့ရှိပေမယ့် ဒီနေ့မှာတော့ ၅ ဦးသာ ဆွေးနွေးနိုင်ခဲ့ပြီး သြဂုတ် ၁၈ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း ဒါနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်ပြုထားခြင်း မရှိပါဘူး။