ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များပြန်ခေါ်ရေးတွင် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ ပါဝင်ရန် ဆူရာကီယာ့ဒ် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်ခေါ်ယူရေးလုပ်ငန်း၏ အစောပိုင်းအဆင့်များတွင် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ ပါဝင်သင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ နိုင်ငံတကာအကြံပေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက ပြောကြားသည်။

ထိုင်းနိုင်ငံမှ ဘန်ကောက်ပို့စ်သတင်းစာနှင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်သည့် အင်တာဗျူးတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ ဆူရာကီယာ့ဒ် ဆတ်သီရာထိုင်းက ထိုသို့ အကြံပြု ပြောကြားလိုက်ခြင်းဖြစ်သည်။ ဒုက္ခသည်များ ပြန်လာရေးအတွက် လမ်းကြောင်း ဆက်လက်ပွင့်နေစေရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို အကူအညီပေးမည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲက ကမ်းလှမ်းပြီး နောက်တစ်နေ့တွင် ဆတ်သီရာထိုင်းက ပြောကြားခြင်းဖြစ်သည်။

မြန်မာအစိုးရက ၎င်းတို့အပေါ် နိုင်ငံတကာက စွပ်စွဲထားသည့် ပြစ်မှုများအား ဖုံးဖုံးဖိဖိလုပ်ပေးရန်အတွက် အကြံပေးအဖွဲ့အား ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု အမေရိကန် ဝါရင့်နိုင်ငံရေးသမား ဘီလ်ရစ်ချတ်ဆင်၏ ပြောကြားချက်ကို ဆူရာကီယာ့ဒ်က ပယ်ချခဲ့သည်။ ရစ်ချတ်ဆင်သည် ပြီးခဲ့သည့်လက အဖွဲ့မှ နုတ်ထွက်သွားစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရိုးသား၍ အကျပ်အတည်းကို ဖြေရှင်းရန် သန္နိဋ္ဌာန်ချထားသော်လည်း “စစ်ဖက်ရေးရာကိစ္စရပ်များအပေါ် ထိန်းချုပ်နိုင်မှု မရှိ၍ အကန့်အသတ်များရှိနေကြောင်း” ၎င်းယုံကြည်သည်ဟု ဆူရာကီယာ့တ်က ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ရေးရာ ကော်မရှင်၏ ထောက်ခံ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် အစိုးရက ဖွဲ့စည့်ပေးသည့် ကော်မတီအား အကြံပြုရန် ဆူရာကီယာ့တ်ဦးဆောင်သည့်အဖွဲ့ကို ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဆူရာကီယာတ်သည် အာဆီယံငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သည့်နှစ် သြဂုတ် ၉ ရက်နေ့က တွေ့ဆုံခဲ့ချိန်တွင် ငြိမ်းချမ်းရေးအတွက် ကူညီလိုသောကြောင့် နိုင်ငံတကာအကြံပေးအဖွဲ့အား ဦးဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ပြဿနာအားလုံးကို ကျွန်တော်တို့ မဖြေရှင်းနိုင်ပါဘူး” ဟု ၎င်းကပြောသည်။ ထို့အပြင် အဖွဲ့ဝင်ကိုးဦးပါ ၎င်းတို့တို့ အဖွဲ့သည် အချက်အလက်ရှာဖွေသည့် ကော်မတီတစ်ခုမဟုတ်ကြောင်းလည်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ “အာနန်အဖွဲ့ရဲ့ ထောက်ခံချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကို ကျွန်တော်တို့က အကြံပေးရုံပါ” ဟု ၎င်းကဆိုသည်။

“အာနန်အဖွဲ့က အကြံပြုထောက်ခံချက် ၁၆ ခုကို တင်ပြခဲ့ရာမှာ ပညာရေး၊ ဘင်္ဂလားဒေ့ရှ်၊ အာဆီယံတို့နဲ့ ဆက်ဆံရေး ကောင်းမွန်ရေးအပြင် ရွှေ့ပြောင်းအခြေချသူများအတွက် ကျန်းမာရေးတို့ ပါဝင်ပါတယ်။ မြန်မာအစိုးရက အာနန်အဖွဲ့ရဲ့ အကြံပြု တိုက်တွန်းချက်တွေကို သဘောတူညီခဲ့ပေမယ့် စစ်တပ်က သဘောမတူခဲ့ပါဘူး” ဟု ၎င်းကပြောသည်။

၎င်းတို့အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ မည်သည့်အရာကို ပြောရမည်၊ မည်သည့်အရာကို မပြောရဟူ၍ ဒေါ်အောင်ဆန်းစုကြည်က စွက်ဖက်ခြင်းမရှိကြောင်းလည်း ဆူရာကီယာတ်က ပြောသည်။ ပြဿနာဖြေရှင်းရေးအတွက် ပါဝင်ပတ်သက်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ထားခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ဆူရာကီယာတ်က ချီးကျူးခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ချက်ကို ကိုယ်စားပြုနေဆဲပါ။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ထောက်မပြချင်ပါဘူး။ ဒါပေမဲ့ မြန်မာအစိုးရဘက်က ပြောတာနဲ့ နိုင်ငံတကာက ပြောနေတာတွေကြားမှာ ကြီးမားတဲ့ ကွာဟချက်ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

အကြံပေးဘုတ်အဖွဲ့အနေဖြင့် ယင်းသို့ ကွာဟချက်ကြီးမားနေမှုကို ကျဉ်းမြောင်းသွားစေရန် နည်းလမ်းရှာလိုကြောင်း၊ ထိုသို့ရှာရာတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ နားလည်မှုအပြင် ကုလသမဂ္ဂနှင့်ပါ ဆွေးနွေးရန်လိုမည်ဖြစ်ကြောင်း ဆူရာကီယာတ်က ပြောကြားသည်။

ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လာပါက ၎င်းတို့ အန္တရာယ်ကင်းရေးနှင့် ပတ်သက်၍ ဒုက္ခသည်များ၏ စိုးရိမ်မှုအကြောင်း မေးမြန်းသည့်အခါ “ဒုက္ခသည်တွေ ပြန်လာပြီး သူတို့ကို ပြန်လည်အခြေချရေး လုပ်ငန်းအဆင့်ဆင့်ရဲ့ အစောပိုင်း အဆင့်မှာ ကုလဒုက္ခသည်အေဂျင်စီအနေနဲ့ ပါဝင်အကူအညီပေးသင့်ပါတယ်” ဟု ၎င်းကပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar