ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဟိန္ဒူ ၅၀၀ ခန့် ထွက်ပြေးရောက်ရှိနေ

စက်တင်ဘာ ၂၆

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်က ကူတူပါလောင်ကျေးရွာမှာ မောင်တောခရိုင်အတွင်းက ထွက်ပြေးလာကြတဲ့ ဟိန္ဒူဘာသာဝင် ၅၀၀ နီးပါးရောက်ရှိနေတယ်လို့ သိရှိရပါတယ်။

သူတို့ဟာ မောင်တောခရိုင်အတွင်းက အိုးထိန်းဆိုတဲ့ ကျေးရွာသူရွာသားတွေဖြစ်တယ်လို့ ဦးဘုလှရွှေက Frontier ကို ပြောပါတယ်။ ဦးဘုလှရွှေဟာ သြဂုတ် ၂၅ ရက်နေ့က ရဲစခန်း ၃၀ တိုက်ခိုက်ခံရပြီးတဲ့နောက် ထွက်ပြေးနေရတဲ့ ဟိန္ဒူဘာသာဝင်အတွက် စစ်တွေမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ဓညဝတီဒုက္ခသည်စခန်းက တာဝန်ခံဖြစ်ပါတယ်။

“ဒီကပြေးသွားတာ၊ တစ်ရွာလုံးပြေးသွားတာ”လို့ သူက ဆိုတယ်။ ထွက်ပြေးသွားသူတွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်အခြမ်းက ဟိန္ဒူအများစု နေထိုင်တဲ့ ကူတူပါလောင်ကျေးရွာကို ရောက်ရှိနေတယ်လို့ တယ်လီဖုန်းအဆက်အသွယ်ကတစ်ဆင့် သိရတယ် လို့ ဦးဘုလှရွှေက ပြောတယ်။

သူ့ရဲ့အဆိုအရ ထွက်ပြေးသူတွေဟာ Arakan Rohingya Army (ARSA)လို့ အမည်ပေးထားတဲ့ အဖွဲ့က ရဲစခန်း ၃၀ကို သြဂုတ် ၂၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ပြီး နောက်တစ်ရက်မှာပဲ ၁၀ မိုင်ခန့်သာဝေးတဲ့ ကူတူပါလောင်ကျေးရွာကို ထွက်ပြေးသွားကြတာလို့ သိရပါတယ်။

အဲဒီ ဘင်္ဂလားဒေ့ရ်ှဖက်က ကျေးရွာမှာ အကြမ်းဖက်သမားတွေလက်ချက်နဲ့ ရွာလုံးကျွတ်အသတ်ခံရတယ်လို့ ယုံကြည်ထားကြတဲ့ ရဲဘော်ကျရွာက ဟိန္ဒူအမျိုးသမီး ၈ ဦး ခိုလှုံရောက်ရှိနေတဲ့နေရာလည်း ဖြစ်ပါတယ်။

ဦးဘုလှရွှေရဲ့ ပြောကြားချက်အရ အကြမ်းဖက်သမားတွေ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့ ရဲဘော်ကျရွာက အမျိုးသမီး ၈ ဦးဟာ ကူတူပါလောင်နဲ့ မိုင်အနည်းငယ်ဝေးပြီး မူဆလင်အများစုနေထိုင်တဲ့ ကျေးရွာတစ်ခုအရောက် ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့က စစ်ဆေးစဉ် တပ်ဖွဲ့ဝင် ဟိန္ဒူဘာသာဝင်တစ်ဦးရဲ့ ကူညီဆောင်မမှုနဲ့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရဲဘော်ကျရွာက လွတ်မြောက်လာသူ ၈ ဦးနဲ့အတူ အိုးထိန်းရွာက ထွက်ပြေးလာသူတွေ အတူ ရှိနေကြတယ်လို့ ဦးဘုလှရွှေက ဆိုပါတယ်။

“သူတို့တွေ မြန်မာနိုင်ငံ၊ ရခိုင်ပြည်ကို အမြန်ဆုံးပြန်လာလို့ရအောင် ကူညီပေးပါ”လို့ သူက ပြောတယ်။

စက်တင်ဘာ ၂၂ ရက်နေ့က အေအက်ဖ်ပီသတင်းတစ်ပုဒ်မှာလည်း ကူတူပါလောင်ကျေးရွာမှာ မြန်မာနိုင်ငံက ဟိန္ဒူဘာသာဝင်တွေ ရောက်ရှိနေကြတယ်ဆိုတာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ ဟိန္ဒူအများစုဟာ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပေမယ့် ၅၀၀ ဦးလောက်ကတော့ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာကြတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ပထမပိုင်းမှာတော့ ရိုဟင်ဂျာတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံဖို့ ကြိုးစားခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အဲဒီအနီးနားက ဟိန္ဒူအသိုင်းအဝိုင်းမှာ ခိုလှုံခွင့်ရခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ကို စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ကြတဲ့အတွက် ထွက်ပြေးခဲ့ကြရတာဖြစ်တယ်လို့ ဟိန္ဒူဒုက္ခသည်တွေက ပြောပါတယ်။

“သူတို့က အမဲရောင်တွေ ဝတ်ထားပြီး မျက်နှာတွေကိုလည်း ဖုံးထားကြတယ်” လို့ မြန်မာနိုင်ငံမှာတုန်းက ဆံပင်ညှပ်သမားတစ်ဦးဖြစ်တဲ့ နာရာဂျန်ရူဒိုက အေအက်ဖ်ပီကို ပြောပါတယ်။

“ကျွန်တော်တို့ရွာမှာ ဟိန္ဒူမိသားစု ၇၀ လောက်ရှိတယ်။ သူတို့က သုံးရက်လောက် ဝိုင်းထားကြတော့ အစားအစာအတွက်တောင် အပြင်ထွက်လို့မရဘူး” လို့ သူကပြောပါတယ်။

ဟိန္ဒူဒုက္ခသည်တွေရဲ့ ပြောကြားချက်အရ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ရောက်တဲ့အချိန်အထိ ရိုဟင်ဂျာတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာတွေကြောင့် ရခဲ့တဲ့ဒဏ်ရာတွေဆိုပြီး လူငယ်သုံးယောက်က အေအက်ဖ်ပီကို ပြသခဲ့ပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေအတွင်း မိဘတွေနဲ့ ခင်ပွန်းဖြစ်သူတို့ကို ဆုံးရှုံးလိုက်ရပြီးနောက် အသက် ၁၈ နှစ်အရွယ် ပူဂျာမိုလစ်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ထွက်ပြေးလာခဲ့ပါတယ်။

ကူတာပါလောင်ကို သူရောက်ရှိချိန်မှာ အမျိုးသားတစ်ဦးက သူ့ကို အတင်းအကြပ်လက်ထပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ဦးလေးဖြစ်သူက သူ့ကို ကယ်တင်ခဲ့တယ်လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဟိန္ဒူဘာသာဝင် ၅၀၀ လောက်အနက် ၂၀၀ လောက်ဟာ ကူတာပါလောင်က ဒေသခံဟိန္ဒူမိသားစုတွေနဲ့အတူနေထိုင်ပြီး ကျန် ၃၀၀ လောက်ကတော့ အနီးအနားက ယာယီအမိုးအကာတွေအောက်မှာ နေထိုင်နေကြတယ်လို့ အေအက်ဖ်ပီက ဆက်လက်ရေးသားထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ကူတာပါလောင်ကို ရောက်ရှိနေတဲ့ အိုးထိန်းရွာသားတွေကိစ္စ အစိုးရအနေနဲ့ သိရှိထားခြင်း မရှိသေးပေမယ့် ဘင်္ဂလားဒေ့ရ်ှဖက်ကို ထွက်ပြေးရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပြန်ခေါ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေတယ်လို့ Frontier ကိုပြောပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar