ဘင်္ဂလားဒေရှ့် ရိုဟင်ဂျာစခန်းသို့ အိန်ဂျယ်လီနာဂျိုလီ သွားရောက်

အေအက်ဖ်ပီ

စုပြုံရောက်ရှိလာသည့် ဒုက္ခသည်များအား ကြည့်ရှုစောင့်ရှောက်ရန်အတွက် အမေရိကန်ဒေါ်လာဘီလျံဝက်ခန့်အား တောင်းဆိုမည့်ကုလသမဂ္ဂ၏ အစီအစဉ်သစ်မတိုင်မီ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဘင်္ဂလားဒေရှ့်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ ဟောလီးဝုဒ်ဆူပါစတား အိန်ဂျယ်လီနာဂျိုလီက သွားရောက်ခဲ့သည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် မြန်မာစစ်တပ်၏ နှိပ်ကွပ်မှုများမှ ထွက်ပြေးလာသည့် မူဆလင် ၇၂၀,၀၀၀ ထဲမှ အချို့နှင့် စကားပြောဆိုရန်အတွက် ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီ (UNHCR) ၏ အထူးကိုယ်စားလှယ်ဖြစ်သူ၎င်းသည် ဘင်္ဂလားဒေရှ့်သို့ ရောက်ရှိပြီး ချက်ချင်းပင် မြန်မာနိုင်ငံနှင့် နယ်စပ်ဖြစ်သည့် တာနက်ဖ်မှ ဒုက္ခသည်စခန်းသို့ တိုက်ရိုက်သွားရောက်ခဲ့သည်။

အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ၎င်းက တစုံတရာထုတ်ဖော်ပြောကြားခြင်းမရှိပေ။ သို့သော် ကော့ဘဇာခရိုင် ဒုတိယရဲမှူး Ikbal Hossain ကမူ ဂျိုလီအနေဖြင့် အခြားစခန်းများသို့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဆက်လက်သွားရောက်လိမ့်မည်ဟု အေအက်ဖ်ပီသို့ ပြောကြားသည်။

ကော့ဘဇာမြို့အနီးရှိ စခန်းများတွင် နေထိုင်နေကြသည့် ရိုဟင်ဂျာတစ်သန်းခန့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်ချက်များကို လေ့လာဆန်းစစ်ရန် ဘင်္ဂလားဒေရှ့်သို့ ဂျိုလီရောက်ရှိနေခြင်းဖြစ်သည်။

ယခင်ကလည်း နေရပ်စွန့်ခွာရိုဟင်ဂျာများကို ဂျိုလီက မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇူလိုင်နှင့် အိန္ဒိယတွင် ၂၀၁၆ ခုနှစ်များက တွေ့ဆုံခဲ့ဖူးသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော် ရောက်ရှိလာစဉ်ကတည်းက ဘင်္ဂလားဒေရှ့်မှာ ရပ်တည်ရန် ကြိုးစားနေရသည်။ မူဆလင် ၆၂၀,၀၀၀ ကျော်မှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်များအခြေချနေထိုင်ရာနေရာဖြစ်သည့် ကူတာပါလောင်တွင် နေထိုင်နေကြသည်။

အစုလိုက်အပြုံလိုက်ထွက်ပြေးလာကြစဉ် မတိုင်မီကတည်းက စခန်းများတွင် လူပေါင်း ၃၀၀,၀၀၀ ခန့် ရှိနှင့်နေပြီးဖြစ်ကာ အရင်းအမြစ်များ အကန့်အသတ်ဖြင့် ရှိနေသည့် ဘင်္ဂလားဒေရှ့်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်။

ဂျိုလီ၏ ခရီးစဉ်သည် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရှိခ်ဟာစီနာ၊ နိုင်ငံခြားရေးဝန်ကြီး အေကေအက်ဘ်ဒူမိုမန်နှင့် အခြားအဆင့်မြင့်အရာရှိကြီးများကို တွေ့ဆုံပြီးနောက် ပြီးဆုံးလိမ့်မည်ဟု UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရိုဟင်ဂျာများအတွက် ဘင်္ဂလားဒေရှ့်၏ အားထုတ်မှုများကို UNHCR က မည်သို့ကူညီနိုင်မည်နှင့် နှိပ်ကွပ်ခံလူနည်းစုများ အခြေချရေးအတွက် ရေရှည်တည်တံ့သည့်ဖြေရှင်းနည်းများအတွက် လိုအပ်ချက်များကို ဆွေးနွေးပွဲ၌ အာရုံစိုက်ဆွေးနွေးကြလိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ရိုဟင်ဂျာများ၏ လိုအပ်ချက်များနှင့် ၎င်းတို့အား လက်ခံထားသည့် လူ့အသိုင်းအဝိုင်းအတွက် နိုင်ငံတကာမှ ဒေါ်လာသန်း ၉၂၀ အား ကုလသမဂ္ဂက မကြာမီတောင်းခံသွားမည်ဟုလည်း ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar