နေပြည်တော်၊ ဖေဖော်ဝါရီ ၈
မြန်မာနှင့် ဘင်္ဂလားဒေရှ့် နယ်ခြားဖြစ်သည့် နတ်မြစ်အတွင်း ဘင်္ဂလားဒေရှ့် ငါးဖမ်းသမားတစ်ဦး သေဆုံးခဲ့ရသည့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး တပ်မတော် ကင်းလှည့်ရေယာဉ်က ပစ်ခတ်ခြင်းဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယခုလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုလ ၆ ရက်နေ့က ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေရှ့် ငါးဖမ်းသမားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ အေအက်ဖ်ပီ သတင်းဌာနက ယခုလ ၇ ရက်နေ့တွင် ရေးသားထားသည်။
“ငါးဖမ်းသမားသုံးဦး သေနတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်ပိုင်နက်ကို ကျော်လွန်သွားတာကို သူတို့က သတိမထားမိလိုက်ဘူးလို့ ပြောပါတယ်” ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ Iqbal Hossain က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။
သေနတ်ဖြင့် ပတ်ခတ်ခံရပြီးနောက် ငါးဖမ်းလှေသည် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ပြန်လှည့်လာပြီးနောက် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် အသက် ၂၆ ငါးဖမ်သမားတစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည်ဟု အေအပ်ဖ်ပီက ရေးသားထားသည်။
“မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက မပစ်ခတ်ခင်မှာ ကြိုတင် သတိပေးတာတွေ မရှိခဲ့ဘူးလို့ ငါးဖမ်းသမားတွေက ပြောကြပါတယ်” ဟု အမည်မဖော်လိုသူ အခြားရဲအရာရှိတစ်ဦးက ပြောကြားသည်။
သို့တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်မူ မြန်မာပိုင်နက်အတွင်း ငါးဖမ်းနေကြသည့် ငါးဖမ်းလှေများကို တပ်မတော် (ရေ) က လက်နက်ငယ်ဖြင့် မပစ်ခတ်မီ အော်ဟစ်တားဆီးခဲ့သည်ဟု ဖော်ပြထားသည်။
တပ်မတော် (ရေ)မှ လှည့်ကင်းရေယာဉ်တစ်စီးက ပုံမှန်လုံခြုံရေးဆောင်ရွက်နေစဉ် ယခုလ ၆ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်တွင် မောင်တောမြို့ အနောက်ဘက် မီတာ ၃,၀၀၀ ခန့်အကွာတွင် တစ်ဖက်နိုင်ငံမှ ငါးဖမ်းလှေ ရှစ်စီးခန့်အားတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုငါးဖမ်းလှေများထဲမှ ငါးစီးမှာ မြန်မာနိုင်ငံ ပိုင်နက်အတွင်း ဝင်ရောက် ငါးဖမ်းနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရန် သွားရောက်စဉ် ၎င်းတို့က အစစ်ဆေးမခံခဲ့ဟုလည်း ဖော်ပြထားသည်။
“၎င်းတို့မှ အစစ်ဆေး မခံဘဲ မိမိစစ်ရေယာဉ်အနီးသို့ အန္တရာယ်ပြုမည့် အပြုအမူများဖြင့် ဝိုင်းပတ် ပိတ်ဆို့လာသဖြင့် အော်ဟစ်တားဆီးခြင်း၊ လက်နက်ငယ်ဖြင့် မိုးပေါ် တစ်ချက် ခြောက်လှန့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ဆက်လက် ဝိုင်းပတ်ပိတ်ဆို့လာရာ မိမိတပ်ဖွဲ့များ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ထိခိုက်လာနိုင်သောကြောင့် အနီးဆုံးငါးဖမ်းလှေအား လက်နက်ငယ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ပစ်ခတ်ပြီးနောက် အဆိုပါငါးဖမ်းလှေများမှာ ဘင်္ဂလားဒေရှ့် ရေပိုင်နက်အတွင်းသို့ ပြန်လည် ထွက်ပြေးဝင်ရောက်သွားခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။