ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်မြောက်ပိုင်းသို့ သွားရောက်၊ နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်

မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးအဖြစ် စက်တင်ဘာ ၁၉ ရက်နေ့က ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရီမီဟန့်ဟာ ရခိုင်အကြပ်အတည်းရဲ့ ဗဟိုချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ယနေ့ ထွက်ခွာသွားပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တပ်က ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း လူပေါင်း ခုနစ်သိန်းလောက်ဟာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြပါတယ်။ အဲဒီစစ်ဆင်ရေးတွေအတွင်း သတ်ဖြတ်မှုတွေ၊ လိင်အကြမ်းဖက်တွေ၊ မီးရှို့မှုတွေစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်တပ်က ကျူးလွန်ခဲ့တယ်ဆိုပြီး နိုင်ငံတကာ စွပ်စွဲထားကြပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်တွေကို လူမျိုးသုဉ်းလုပ်ဆောင်မှုတွေအတွက် စစ်ဆေးအပြစ်ပေး အရေးယူဖို့လည်း ကုလသမဂ္ဂ စုံစမ်းစစ်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။

ဂျယ်ရီမီဟန့်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို စစ်တပ် ရဟတ်ယာဉ်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် သူဟာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

“ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်” လို့ သူ့ရဲ့Twitter အကောင့်မှာတင်ထားတဲ့ ဗီဒီယိုထဲမှာ ဂျယ်ရီမီဟန့်က ပြောကြားထားပါတယ်။

သူဟာ စက်တင်ဘာ ၁၉ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် ပြသထားတဲ့ ပြခန်းတွေကို ကြည့်ရှုလေ့လာခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ အခြေအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ ပြန်လည် လွတ်မြောက်လာကြပြီဖြစ်ပေမယ့် ထောင်ကျနေသူ ၂၀ ဦးကျော် ကျန်ရှိနေသေးတယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီထဲမှာ မကြာသေးမီကမှ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်ပါတယ်။ သူတို့နှစ်ဦးဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ အစိုးရက စွပ်စွဲထားပါတယ်။

“ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်မှုရှိလာစေဖို့အတွက် ဟန့်အနေနဲ့ အစိုးရနဲ့ စစ်အုပ်စုတွေကို ဖိအားပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ AAPP က ဦးကျော်စိုးဝင်းက အေအက်ဖ်ပီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ ရိုဟင်ဂျာအကြပ်အတည်းအပြင် ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အမှုကိစ္စကိုပါ ပြောကြားသွားမယ်လို့ ဟန့်က ကတိပြုသွားခဲ့ပါတယ်။

ဂျယ်ရီမီဟန့်က စက်တင်ဘာ ၁၉ ရက်နေ့ ညပိုင်းက ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ယခင်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် လာရောက်ခဲ့ပြီးနောက်ပြီး ဟန့်ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိန်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar