ခြေထောက်တွင် ဗုဒ္ဓ၏ပုံကို တက်တူးထိုးထားသည့်အတွက် စပိန်ကမ္ဘာလှည့် ခရီးသည်တစ်ယောက်အား မြန်မာနိုင်ငံက ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။
“သူက ဘောင်းဘီအတို ဝတ်ထားတော့ သူရဲ့ ညာဘက်ခြေထောက်မှာရှိတဲ့ ဗုဒ္ဓပုံ တက်တူးကို ပုဂံက ဘုန်းကြီးတွေကမြင်ပြီး ဒါဟာမသင့်တော်တဲ့အကြောင်း ကျွန်တော်တို့ဆီကို သတင်းပို့ခဲ့တာပါ”ဟု ပုဂံရှိ ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ဇူလိုင် ၁၁ ရက်နေ့ကပြောသည်။ ၎င်းစပိန်နိုင်ငံသားအား ချက်ခြင်းပင် ရန်ကုန်မြို့သို့ ပြန်ပို့ခဲ့သည်ဟု ၎င်းကထပ်မံပြောကြားသည်။
အဆိုပါ စပိန်အမျိုးသားအား ဖမ်းဆီးထားမှုမှာ အတည်ဖြစ်ကြောင်းလည်း ရန်ကုန်လေဆိပ်မှ အမည်မဖော်သည့် ရဲအရာရှိတစ်ဦးက ပြောသည်။ ထို့အပြင် ၎င်းအား ဇူလိုင် ၁၁ ရက်နေ့ ညနေတွင် ဘန်ကောက်မြို့သို့ ပြည်နှင်ဒဏ်ပေးမည်ဟုလည်း ယင်းရဲအရာရှိက ပြောသည်။ “ကျွန်တော်တို့ သူ့ကို ပြန်ပို့မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကိုလာတဲ့ ကမ္ဘာလှည့် ခရီးသွားတစ်ယောက်အနေနဲ့ သူဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့လို့ပါ”ဟု ၎င်းကပြောသည်။
ဗုဒ္ဒဘာသာဝင်အများစုရှိသော မြန်မာနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ထူးခြားသည့် နိုင်ငံရေး အသွင်ပြောင်းမှုများရှိလာခဲ့ပြီး ဆယ်စုနှစ်များစွာ စစ်အာဏာရှင်အုပ်ချုပ်ရေးမှ အရပ်သား အုပ်ချုပ်သော အစိုးရပေါ်လာရန် လမ်းပွင့်ခဲ့သည်။ ထို့အပြင် တစ်ချိန်က အထီးကျန် နိုင်ငံဖြစ်ခဲ့သော်လည်း ဝင်ငွေရရှိသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်လျက်ရှိသည်။ ထိုပြောင်းလဲမှုများမှာ နိုင်ငံလူဦးရေ၏ ငါးရာခိုင်နှုန်းရှိ မွတ်စလင်များကို ဆန့်ကျင်နေသည့် သြဇာရှိ ဗုဒ္ဒဘာသာ အမျိုးသားရေးဝါဒီများ၏ လှုပ်ရှားမှုများ ပေါ်ထွက်နေမှုနှင့်လည်း တိုက်ဆိုင်နေသည်။
လွန်ခဲ့သည့်နှစ်က နယူးဇီးလန်နိုင်ငံသား ဘားမန်နေဂျာတစ်ဦးမှာလည်း အရောင်းမြင့်တင်ရာတွင် ဗုဒ္ဓပုံတော်ကို သုံးစွဲခဲ့သဖြင့် ဘာသာတရားကို စော်ကားမှုဖြင့် ထောင်ထဲတွင် ၁၀ လနေခဲ့ရသည်။ ကနေဒါခရီးသည်တစ်ဦးမှာလည်း ခြေထောက်တွင် ဗုဒ္ဓပုံ တက်တူးထိုးမှုဖြင့် ၂၀၁၄ ခုနှစ်က ဖမ်းဆီးခံခဲ့ရသည်။
ဗုဒ္ဓဘာသာဝင်အများအပြား အထူးသဖြင့် အနောက်နိုင်ငံမှ သက်ဝင်ယုံကြည်သူများက ဘာသာတရားတစ်ခုအား တည်ထောင်ခဲ့သူ၏ ပုံတော်ကို တက်တူးထိုးခြင်းဖြင့် ဂုဏ်ယူကြသော်လည်း ထိုသို့ ပြုလုပ်ခြင်းကိုမူ အချို့နိုင်ငံများတွင် စော်ကားမှုအဖြစ် မှတ်ယူကြသည်။ ၂၀၁၄ ခုနှစ်က ဗြိတိသျှသူနာပြုတစ်ဦးက လေးစားမှုအထိမ်းအမှတ်အဖြစ် ဗုဒ္ဓပုံကို လက်မောင်းတွင် တက်တူးထိုးခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သော်လည်း သီရိလင်္ကာနိုင်ငံက နှင်ထုတ်ခံခဲ့ရသည်။
ထိုင်းနိုင်ငံရှိ လေဆိပ်များတွင်လည်း ဗုဒ္ဓပုံ တက်တူးများ ထိုးမထားရန်နှင့် ဗုဒ္ဓရုပ်တုများ ဝယ်ယူခြင်းမပြုရန် ပြည်ပခရီးသည်များအား သတိပေးထားသည်။ မြန်မာနှင့် ထိုင်းကဲ့သို့ နိုင်ငံများတွင် ဦးခေါင်းအောက် ခန္ဓာအစိတ်အပိုင်းတို့မှာ မြင့်မြတ်မှုမရှိဟု ယူဆထားရာ ဗုဒ္ဓပုံတက်တူးများ ခြေထောက်တွင် ရေးထိုးခြင်းမှာ အထူးတလည် ပြဿနာဖြစ်နိုင်သည်။
သတင်း-အေအက်ဖ်ပီ