ဗီဇာကင်းလွတ်ခွင့်ကြောင့် စင်ကာပူဧည့်သည် ၃၅ ရာခိုင်နှုန်းအထိ တိုးလာနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁

မြန်မာနှင့် စင်ကာပူနိုင်ငံအကြား ယနေ့စတင်လိုက်သည့် ဗီဇာကင်းလွတ်ခွင့်ကြောင့် မြန်မာနိုင်ငံသို့ လာရောက်သည့် စင်ကာပူနိုင်ငံသားအရေအတွက် ၃၅ ရခိုင်နှုန်း တိုးလာမည်ဟု မြန်မာအစိုးရက ခန့်မှန်းလိုက်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ များပြားလှတဲ့ ခရီးသွားဆွဲဆောင်မှုတွေကို အောင်အောင်မြင်မြင် လူသိများလာအောင် လုပ်နိုင်မယ်ဆိုရင် စင်ကာပူနိုင်ငံသားတွေ မြန်မာနိုင်ငံကို လာရောက် လည်ပတ်မှုဟာ ၃၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်။ မြန်မာနိုင်ငံဟာ လုံခြုံမှုရှိတယ်။ တစ်နှစ်ပတ်လုံး လည်ပတ်ဖို့ ကောင်းမွန်ပြီး မြန်မာအစားအစာတွေကတော့ မြန်မာနိုင်ငံကို ထပ်ခါထပ်ခါ လာရောက်စေမယ့် ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

မြန်မာနှင့် စင်ကာပူနိုင်ငံအကြား စီးပွားရေး သို့မဟုတ် အလည်အပတ်အတွက် ရက် ၃၀ အောက် သွားရောက်မည့် ခရီးသွားများအနေဖြင့် ယနေ့မှ စတင်ကာ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ နှစ်နိုင်ငံကြား အဆိုပါ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့တွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း အလည်အပတ် လာရောက်သည့် ခရီးစဉ်အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။

“မြန်မာနဲ့ စင်ကာပူနှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်မှုနဲ့ နှစ်နိုင်ငံကြား နှစ် ၅၀ ကြာခိုင်မာတဲ့ သံတမန်ဆက်ဆံရေးရှိတဲ့အတွက် အခုလိုရင်းနှီးမှုက နှစ်ဖက်ခရီးသွားလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားတို့ အချင်းချင်း ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကို အမြဲတည်ဆောက်နိုင်မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေးအသင်း (Myanmar Tourism Marketing) မှ ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ပြောကြားသည်ဟု အသင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကို ရည်ရှည် တည်တံ့သော အလည်အပတ်ခရီးသွားရာ နေရာတစ်ခုအဖြစ် လူသိများလာစေအောင် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော MTM က ရည်မှန်းထားသည်။

ယခုရက်သတ္တပတ်အတွင်း စင်ကာပူတွင် ပြုလုပ်မည့် ခရီးသွားလုပ်ငန်းများဆိုင်ရာ ခင်းကျင်းပြသမှုတွင် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းပေါင်း ၅၀ တို့၏ အဆင့်မြင့်လုပ်ငန်း ပေါင်းစပ်ညှိနှိုင်းမှုဆိုင်ရာ အစည်းအဝေး ပါဝင်မည်ဖြစ်သည်။ လာမည့် ဇန်နဝါရီလ၌ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် ပထမအကြိမ် မြန်မာ့ခရီးသွားလုပ်ငန်းပွဲတော် (Myanmar Tourism Festival) ကျင်းပနိုင်ရေးကိုလည်း အဆိုပါ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်သည်။ 

“စင်ကာပူနိုင်ငံသား ခရီးသွားတွေ များပြားလာတာ ကျွန်မတို့ မျက်မြင်ပဲဖြစ်ပါတယ်။ ဒီထက်များပြားလာဖို့လည်း မျှော်လင့်ထားပါတယ်။ ကျွန်မတို့ရဲ့ တာဝန်က တိမ်မြုပ်နေတဲ့ ရတနာတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘာတွေရှိတယ်ဆိုတာ ဖော်ထုတ် ပြသဖို့ပါ” ဟု ဒေါ်မေမြတ်မွန်ဝင်းက ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် စင်ကာပူနိုင်ငံသား ခရီးသွား ဧည့်သည် ၄၃,၀၀၀ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ် သြဂုတ်လအထိ စင်ကာပူနိုင်ငံသား ၃၂,၀၀၀ ကျော်လာရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.