ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကို ဝေဖန်တဲ့ ကရင်နီလူငယ် ၆ ဦးကို ယနေ့ နိုဝင်ဘာလ ၇ ရက်မှာ လွိုင်ကော်မြို့နယ်တရားရုံးက ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပါတယ်။
သူတို့ဟာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးကို ဝေဖန်ပြစ်တင်ခဲ့တာကြောင့် နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ နဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရတာဖြစ်ပါတယ်။
တရားရုံးရဲ့ အမိန့်အရ ချုပ်ရက်ကို ပြစ်ဒဏ်မှာ ထုတ်နုတ်ခံစားခွင့်ပြုတာကြောင့် ငါးလနီးပါး ဖမ်းဆးီထိန်းသိမ်းခံထားရပြီးဖြစ်တဲ့ ကရင်နီလူငယ် ခြောက်ဦးဟာ လာမဲ့ ဒီဇင်ဘာ ၂၂ရက်မှာ ပြန်လည်လွတ်မြောက်မှာ ဖြစ်ပါတယ်။
ကရင်နီလူငယ် ခူကြူးဖဲကေးကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၃ရက်နေ့က ဖမ်းဆီးခဲ့ပြီး ကျန် ငါးဦးဖြစ်ကြတဲ့ ဂျွန်ပေါ၊ ခွန်မျိုးလှိုင်ဝင်း၊ ခွန်သောမတ်စ်၊ ဒီးဒီ၊ ခူးရီဒူးတို့ကို ဇူလိုင်လ ၂၁ ရက်နေ့ ကရင်နီအမျိုးသားနေ့ အခမ်းအနားတွင် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့ရှိ ကန္တာဟေဝန်ပန်းခြံအတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ပြည်နယ်အစိုးရအဖွဲ့က စိုက်ထူဖို့ လုပ်ဆောင်ခဲ့တာကြောင့် ကရင်နီလူငယ်တွေက ကန့်ကွက်ခဲ့ကြပြီး ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးတို့ကို “နိုင်ငံရေးရာဇဝတ်ကောင်၊ ကရင်နီအမျိုးသားရေး သစ္စာဖောက်”တွေအဖြစ် ထုတ်ပြန်ချက် ထုတ်ခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
တရားရုံးက အမိန့်ချမှတ်အပြီးမှာတော့ ဖမ်းဆီးခံ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခွန်မျိုးလှိုင်ဝင်းက ဥပဒေဟာ နိုင်ငံသားတွေကို ကာကွယ်ရမှာဖြစ်ပြီး အစိုးရအဖွဲ့ကို ကာကွယ်ပေးရမှာမဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။
“ကျနော်တို့ ထောင်ချခံရပေမဲ့ လွတ်တာနဲ့ ရုပ်ထုကိစ္စကို ဆက်ကန့်ကွက်မှာ။ မဟာလူမျိုးကြီးဝါဒ ကျင့်သုံးတဲ့ဒီအုပ်စု ဒီပါတီက ဒီလိုပဲ ဆက်လက်လုပ်နေမယ်ဆိုရင် ကျနော်တို့က အမျိုးသားတန်းတူရေး အတွက် ဖိနှိပ်ခံပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဒီနေရာကနေ အလေးအနက် ပြောလိုပါတယ်”ဟု ခွန်မျိုးလှိုင်ဝင်းက ပြောပါတယ်။